နေပြည်တော်  နိုဝင်ဘာ  ၂

 

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၆)ဂိုး (၅)ဂိုးဖြင့် အနိုင်ရ ရှိခဲ့ ပြီး တတိယ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

 

ယင်း(အမျိုးသား)ဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာ စေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ  ၃ ညနေ(၃)နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)