မြန်လင်းမောင်

၂၀၂၂ ခုနှစ် ပထမဆုံးသုံးလပတ် ကာလအတွင်း ကမ္ဘာ့အကြီးဆုံး အမေဇုန် မိုးသစ်တော ပြုန်းတီးမှု အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း ဘရာဇီးနိုင်ငံ အမျိုးသား အာကာသသုတေသန အင်စတီကျု၏ အစီအရင်ခံစာအရ သိရသည်။

ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အမေဇုန် မိုးသစ်တော၏ ဧရိယာအနက်မှ ၉၄၁ ဒသမ ၃၄ စတုရန်းကီလိုမီတာ (၃၆၃ စတုရန်းမိုင်) အကျယ်အဝန်းရှိသည့် သစ်တောဧရိယာများ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းပမာဏသည် အမေရိကန်နိုင်ငံ ဒဲလက်နှင့် တက္ကဆက်ပြည်နယ် တို့၏ အရွယ်အစားနီးပါးရှိကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြထားသည်။ ယခုနှစ်တွင် သစ်တော ပြုန်းတီးမှုသည် ယခင်နှစ် ကာလတူက ပျက်စီးခဲ့သည့် သစ်တော ဧရိယာ ၅၇၃ ဒသမ ၂၀ စတုရန်းကီလိုမီတာ(၂၂၁ စတုရန်းမိုင်) နှင့် နှိုင်းယှဉ်ပါက ၆၄ ရာခိုင်နှုန်းခန့် ပိုမို မြင့်တက်လာခြင်း ဖြစ်သည်။

ကမ္ဘာ့မိုးသစ်တော ပြုန်းတီးမှု ဧရိယာ၏ ၄၀ ရာခိုင်နှုန်းရှိ

ကမ္ဘာလုံးဆိုင်ရာ သစ်တောများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Global Forest Watch)၏ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ အပူပိုင်း မိုး သစ်တောဧရိယာ စုစုပေါင်း စတုရန်းကီလို မီတာ ၃၇၅၀၀ (၁၄၅၀၀ စတုရန်းမိုင်) ခန့်ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။ ယင်း အနက် ဘရာဇီးနိုင်ငံတွင် ဖျက်ဆီးခံခဲ့ရသည့် မိုးသစ်တောပြုန်းတီးမှု ဧရိယာ ဟက်တာ ၁ ဒသမ ၅ သန်း (ဧက ၃ ဒသမ ၇ သန်း) ကျော်ရှိခဲ့သဖြင့် ကမ္ဘာ့မိုးသစ်တော ပြုန်းတီးမှုဧရိယာ၏ ၄၀ ရာခိုင်နှုန်းရှိခဲ့ပြီး လွန်ခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း အမြင့်ဆုံးစံချိန်တင် တောပြုန်းမှု ဖြစ်သည်ဟုဆိုသည်။ အလားတူ ကွန်ဂိုဒီမို ကရက်တစ်သမ္မတ နိုင်ငံတွင်လည်း မိုးသစ်တောပြုန်းတီးမှု ဒုတိယအမြင့်ဆုံး ဖြစ်ပြီး ဟက်တာ ၅၀၀၀၀၀ ( ဧက ၁ ဒသမ ၂ သန်း) နှင့် ဘိုလီဘီးယားနိုင်ငံတွင် ဟက်တာ ၃၀၀၀၀၀ (ဧက ၇၄၀၀၀၀) ရှိခဲ့ သည်။

ယင်းအချက်အလက်များအရ တစ် မိနစ်လျှင် ဘောလုံးကွင်း ဆယ်ကွင်းစာခန့် မိုးသစ်တောများ ဆုံးရှုံးလျက်ရှိပြီး သုတေသနပညာရှင်များ၏ ခန့်မှန်း တွက်ချက်မှုများအရ ၂၀၂၁ ခုနှစ်အတွင်း အပူပိုင်း မိုးသစ်တော ပြုန်းတီးမှုများကြောင့် လေထုအတွင်းသို့ ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏ ၂ ဒသမ ၅ ဂစ်ဂါ တန်ခန့် ရောက်ရှိသွားနိုင်ပြီး ယင်းပမာဏသည် အိန္ဒိယနိုင်ငံ၏ တစ်နှစ်တာ ကာလ အတွင်း ထွက်ရှိသည့် ရုပ်ကြွင်းလောင်စာ ပမာဏနှင့်ညီမျှသည်ဟု ဆိုသည်။

အမေဇုန်တောပြုန်းတီးမှု၏ အဓိက အကြောင်းရင်းများသည် စိုက်ပျိုးမြေ ချဲ့ထွင်ခြင်း၊ တောမီးလောင်ခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်မွေးမြူရေးခြံများ၊ လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်းများ အတွက် သစ်ပင်များခုတ်ထွင်ရှင်းလင်း ခံရခြင်းများနှင့် တရားမဝင် ဓာတ်သတ္ထု တူးဖော်ခြင်းများကြောင့် ဖြစ်သည်။

ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ အများဆုံးစုပ်ယူ

အမေဇုန်မိုးသစ်တောသည် တောင် အမေရိက အမေဇုန်မြစ်ဝှမ်း အများစုကို လွှမ်းခြုံထားသည့် အပူပိုင်းမိုးသစ်တော ဖြစ်သည်။ အမေဇုန်မြစ်ဝှမ်းသည် စတုရန်း ကီလိုမီတာ ၇၀၀၀၀၀၀ (၂၇၀၀၀၀၀ စတုရန်းမိုင်) ရှိပြီး ၅၅၀၀၀၀၀ စတုရန်း ကီလိုမီတာ (စတုရန်းမိုင် ၂၁၀၀၀၀၀)သည် မိုးသစ်တောများဖြစ်သည်။ ယင်းသည် တောင်အမေရိကတိုက် ကိုးနိုင်ငံ ဖြစ်သည့် ဘရာဇီး၊ ပီရူး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ဘိုလီဘီးယား၊ ဂိုင်ယာနာ၊ ဆူရီနမ်နှင့် ပြင်သစ်ဂီယာနာတို့တွင် ဖြန့်ကြက်တည်ရှိပြီး မိုးသစ်တောအများစုမှာ ဘရာဇီးနိုင်ငံတွင် တည်ရှိသည်။ အမေဇုန် မိုးသစ်တောသည် ကမ္ဘာ့မိုးသစ်တော၏ ထက်ဝက်ကို ကိုယ်စားပြုပြီး ကမ္ဘာပေါ်ရှိ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ အများဆုံးစုပ်ယူ ပေးလျက်ရှိကာ အပင်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲ အများဆုံး တည်ရှိရာ သစ်တောတစ်ခု ဖြစ်သည်။