နေပြည်တော် စက်တင်ဘာ ၂၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းနိုင်ရေး စိစစ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဂုဏ်အင်္ဂါအရည်အချင်း စိစစ်ရေးပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၂၂ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းချီးမြှင့်နိုင်ရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ အဆိုပြုလျှောက်ထားလာသည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့အား “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များပြဋ္ဌာန်းချက်” ပါ ဂုဏ်အင်္ဂါ အရည်အချင်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ လျှောက်ထားလာသည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့ကို သတင်းရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့အနေဖြင့် ဝိဝါဒါ ဓိကရုဏ်းမှုခင်း၊ အနုဝါဒါဓိကရုဏ်းမှုခင်းများ ကင်းရှင်းမှု ရှိ/မရှိ၊ ကိုယ်ရေးနောက်ကြောင်း ကင်းရှင်းမှု ရှိ/မရှိ တို့ကို  စိစစ် ပေးရန်လိုအပ် ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် သာသနာနုဂ္ဂဟဘွဲ့ လျှောက်ထားကြသည့် လူပုဂ္ဂိုလ်တို့မှ နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်ငွေများ အကြေပေးသွင်းပြီးခြင်း ရှိ/ မရှိ၊ အခြားပေးရန် ကြွေးကျန်များ ရှိ/ မရှိ တို့ကို စိစစ်ပေးရန်လိုအပ်ကြောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် နိုင်ငံသားဖြစ်မှုအခြေအနေနှင့် သာသနာဝင်/ သာသနာ နွယ်ဝင်စိစစ်ရေးကတ်၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်မှုအခြေအနေတို့ကို စိစစ်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ရေးအတွက် ဦးစီးဌာနအလိုက် အဆိုပြုလွှာ စိစစ်ဆောင်ရွက်ထားရှိမှုများကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က ဆွေးနွေးတင်ပြကြပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များကလည်း ဆောင်ရွက်ထားရှိမှု အခြေ အနေများကို အသီးသီးဆွေးနွေးတင်ပြကြပြီး စိစစ်ဆောင်ရွက်ပြီးစီးမှုကို အောက်တိုဘာ ၂၅ ရက်နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရန် နေ့ရက်သတ်မှတ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအား သတ်မှတ်ဂုဏ်အင်္ဂါ အရည်အချင်းများနှင့်အညီ စိစစ် ရွေးချယ်ရန်လိုအပ်သလို၊ သတ်မှတ်ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ကိုက်ညီမှုမရှိသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များကိုလည်း ရွေးချယ်ခြင်းမပြုမိစေရန် လိုအပ်ကြောင်းနှင့် အဂတိတရားလေးပါး ကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် စိစစ်ရွေးချယ်နိုင်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
 
သတင်းစဉ်