မန္တလေး မတ် ၁၅
၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့၌ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၆၁၅၁ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခရိုင်ရှိ မြို့နယ်(၂၈)မြို့နယ်၌ ယခုနှစ်တွင် စာစစ်ဌာနပေါင်း (၁၃၉)ခုကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း၊ အဆိုပါ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ကျောင်းတွင်းဖြေဆိုသူ ၂၃၀၈၈ ဦးနှင့် ပြင်ပဖြေဆိုသူ ၁၃၀၆၃ ဦး စုစုပေါင်း ၃၆၁၅၁ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
“၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီ ၉ ရက်နေ့အထိ ကျင်းပသွားမှာပါ။ တိုင်းဒေသကြီးအတွင်းမှာ ဒီနှစ်အတွက် စာစစ်ဌာန ၁၃၉ ခုဖွင့်ထားပါတယ်။ မန္တလေးဆေးရုံကြီးမှာ ဆေးရုံစစ်စာစစ်ဌာနဆိုပြီး သတ်မှတ်ထားတာရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေစွာဖြေဆိုနိုင်ဖို့၊ သွားလာရေးအဆင်ပြေဖို့နဲ့ စာစစ်ဌာနများရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှု၊ လမ်းညွှန်မှုတွေနဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ကျောင်းတွေမှာ ကိုဗစ်စည်းကမ်း ညွှန်ကြားချက်များနဲ့အညီ ပြင်ဆင်ထားရှိပါတယ်။ ဒီနှစ်က ကိုဗစ်ရောဂါနဲ့ ကြုံတွေ့ဖြေဆိုရတဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ်လေးနဲ့ စာမေးပွဲကို ရင်ဆိုင်ဖြေဆိုသွားကြဖို့ လိုပါတယ်” ဟု ၎င်းကအကြံပြုပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်နှင့် ရမည်းသင်းခရိုင် စသည့် ခရိုင် ၇ ခရိုင်တွင် စာစစ်ဌာနပေါင်း (၁၃၉)ခုကို ဖွင့်လှစ်ထားရှိပြီး အဆိုပါ စာစစ်ဌာနများ၌ ကျောင်းသား၊ သူဦးရေ ၃၆၁၅၁ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကာ ၎င်းစာစစ်ဌာနများ၌ ကြီးကြပ်ရေးမှူးအဖြစ် အတွေ့အကြုံရှိသည့် အထက်တန်းကျောင်း အုပ်ကြီးများကို တာဝန်ပေးအပ်ထားရှိကြောင်း သိရသည်။
မောင်အေးချမ်း