ရန်ကုန်  ဧပြီ   ၁၂

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) ကြီးကြပ်မှုအောက်ရှိ ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သို့ ပြေးဆွဲပေးနေသော ချယ်ရီသင်္ဘောသည် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အများပြည်သူများ စိတ်အေးချမ်းသာစွာ သွာရေးလာရေး အဆင်ပြေချောမွေ့လွယ်ကူစေရန်အတွက် သင်္ဘောခေါက်ရေ ပြောင်းလဲပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ နှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သို့ ဝင်/ထွက်သွားလာနေကြသော အများပြည်သူများအား ကမ်းရိုးတန်းမြစ်တွင်းသွား ချယ်ရီသင်္ဘောရေယာဉ်ဖြင့် နေ့စဉ်ပုံမှန် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ (ပန်းဆိုးတန်း-ဒလ) သင်္ဘော ခရီးစဉ်များကို ရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များတွင် အသွားခေါက်ရေ(၄၂)ခေါက်၊ အပြန်​ခေါက်​ရေ (၄၂)ခေါက်နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၅နာရီခွဲမှ ည ၇နာရီခွဲအထိလည်​ကောင်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းမှ နံနက်၆နာရီမှ ည၈နာရီအထိလည်ကောင်း ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။

အဆိုပါ သင်္ဘောဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများစွာကို မြစ်တွင်းသွားချယ်ရီ သင်္ဘောများဖြင့် နေ့စဉ်ပုံမှန်ပို့ဆောင်ပေးနေသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ​ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ ခရီးသည်များ သွားလာမှုအ‌ပေါ်မူတည်ပြီး​ ရေယာဉ် ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်။

၂၀၂၂-ခုနှစ်သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများတင်ပို့မှု​လျော့နည်းလာသဖြင့် သင်္ဘောခရီးစဉ်ကို အသွားခေါက်ရေ(၂၀)၊ အပြန်ခေါက်ရေ(၂၀)နှုန်းဖြင့် ဒလ ဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက်(၆)နာရီမှ ည(၇)နာရီအချိန်အထိလည်​​ကောင်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းမှ နံနက် ၆နာရီခွဲမှ ည၇နာရီခွဲအချိန်အထိလည်ကောင်း သင်္ဘောရေယာဉ် ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ခရီးသွားပြည်သူများ သိရှိနိုင်စေရန် အတွက် သင်္ဘောဆိပ်ကမ်းရှိ လက်မှတ်ရုံဝင်ပေါက်တွင် အသိပေးဗီနိုင်းများဖြင့်​ ကြေညာထားသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလပြီးဆုံးပါက သင်္ဘောခေါက်ရေခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ပြီး ယခုအချိန်တွင် သမ္ဗာန် ယာဉ်စီးခများ မြင့်တက်နေသော်လည်း သင်္ဘောယာဉ်စီးခမှာ ယခင်အတိုင်း တစ်ဦးလျှင်(၁၀၀)ကျပ်ဖြင့် ဈေးနှုန်းမတက်ဘဲ ပို့ဆောင်ပေးနေခြင်း၊ အများပြည်သူများ သွားလာရာတွင် ဘေးကင်းလုံခြုံမှုရှိခြင်း၊ စိတ်အေးချမ်းသာစွာ သွားလာနိုင်ခြင်း၊ မြန်ဆန်လွယ်ကူ ချောမွေ့မှုရှိခြင်းတို့ကြောင့် အများပြည်သူများသည် သင်္ဘောခရီးစဉ်ကိုသာ အဓိကထား၍ သွားလာနေရကြောင်းသိရသည်။

​အောင်မြင့်(ပြန်/ဆက်)