နေပြည်တော်၊ အောက်တိုဘာ ၃၀

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော် အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အနန္တရာယိကမင်္ဂလာ၊ အန္တရာယ်ကင်း မင်္ဂလာကို ကျင်းပပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိစေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့က ရတနာ ဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ စေတီတော်ဂေါပက အလှည့်ကျ သဘာပတိက ရတနာဆင်ဖြူတော်လေးကို ပေါက်ပေါက်များဖြင့် ကြဲပက်ပေးသည်။

 

ယင်းနောက် ဂေဟပ္ပဝေသနမင်္ဂလာ၊ အဆောင်တော်တက် မင်္ဂလာကို ပြုလုပ်ရာ ရတနာ ဆင်ဖြူတော်လေးကို ဆင်ဖြူတော် အဆောက်အဦအတွင်း မင်္ဂလာနေရာသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး အာဟာရဘုဉ္ဇနမင်္ဂလာ၊ အစာအာဟာရကျွေးမွေးခြင်း မင်္ဂလာအဖြစ် ရတနာ ဆင်ဖြူတော်လေးကို အစာအာဟာရများ ကျွေးမွေးကြသည်။

ထို့နောက် ရဝိန္ဒုဒဿနမင်္ဂလာ၊ နေလပြမင်္ဂလာ ကို ဆက်လက်ပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား မျက်နှာမူ၍ ဖူးမြော်ပူဇော်နိုင်စေရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များက စီစဉ်ဆောင်ရွက်ပေးကြပြီး နာမကရဏ မင်္ဂလာ၊ ဘွဲ့နာမံအမည်တော်ပေး မင်္ဂလာအဖြစ် အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး၏ အမည်နာမံတော်အား ကြေညာသည်။

 

mdn

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က ရတနာ ဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော်ဖြစ်သည့် “ရဋ္ဌ နန္ဒက” (ရဋ္ဌ = တိုင်းပြည်၊ နိုင်ငံ။ နန္ဒက = ချစ်ခင်မြတ်နိုးခြင်း၊ သာယာပျော်ရွှင်ခြင်း) ( မြန်မာအဓိပ္ပါယ်အပြည့်အစုံမှာ - တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ဟု သုံးကြိမ်ခေါ်ဆိုကြပြီး တာဝန်ရှိပုဂ္ဂိုလ်များ က ရတနာဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်း အပ်နှင်းပေးကြသည်။

 

ယင်းနောက် ပဏ္ဏာကာရ ပရိသိဋ္ဌဒါန မင်္ဂလာ၊ ရတနာဆင်ဖြူတော်အား လက်ဆောင်၊ လက်ဖွဲ့ပေးအပ်ခြင်းမင်္ဂလာကိုပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ဆောင်လက်ဖွဲ့ပစ္စည်းများ ပေးအပ် ချီးမြှင့်ရာ ဆင်ထိန်းမှ ကိုယ်စားလက်ခံရယူသည်။

 

mdn

 

ထို့နောက် အဘိသေကဇယမင်္ဂလာ၊ ရတနာဆင်ဖြူတော်အား ဘိသိက်တော် အောင်ပွဲ မင်္ဂလာအဖြစ် အခမ်းအနားမှူးက “ရဋ္ဌ နန္ဒက” (တိုင်းပြည်က ချစ်ခင် မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) အမည်ရသည့် ရတနာဆင်ဖြူတော်လေး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အနာရောဂါကင်းပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးဘယာဝေးကွာ၍ သာယာဝပြော ဖွံ့ဖြိုး တိုးတက်အောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက် ရောက်လာကြသူများသည် “ ရဋ္ဌ နန္ဒက ” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ရတနာဆင်ဖြူတော်လေးနှင့် ရတနာဆင်ဖြူတော်ဆောင်အတွင် ရှိ ရတနာဆင်ဖြူတော်များနှင့် ရတနာဆင်ဖြူတော် အဖော်ဆင်များကို အစာ အာဟာရများ ကျွေးမွေးခဲ့ကြသည်။

 

အဆိုပါ ရတနာဆင်ဖြူတော်လေး “ရဋ္ဌ နန္ဒက” (တိုင်းပြည်က ချစ်ခင် မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိ၍ ရတနာဆင်ဖြူတော် များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော် ကလေးဖြစ်သည်။

ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လ ၇ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် ၂၆၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ အောက်တိုဘာ ၂၇ တွင်ရောက်ရှိခဲ့ကာ ယခုအခါ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိကြောင်းနှင့် ယခုရတနာဆင်ဖြူတော် “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) သည် ဒဿမမြောက် ဆင်ဖြူတော် ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်