၂၀၂၂ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဖွင့်ပွဲကျင်းပ

နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍  Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့က အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ Mytel Operator မှတာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ Mytel Operator ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ တာဝန်ရှိသူများက အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်သည်။  ပြိုင်ပွဲတွင် ပညာရှင်အဆင့် ၃၃ ဦး၊ ဝါသနာရှင်အဆင့် (အမျိုးသား) ၉၅ ဦး၊ ဝါသနာရှင်အဆင့် (အမျိုးသမီး) ၅၈ ဦး စုစုပေါင်း အားကစားသမား ၁၈၆ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ယင်းပြိုင်ပွဲအတွက် ဝါသနာရှင်အဆင့် (အမျိုးသား) လက်ရည်စစ်ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော် ဂေါက်ကွင်းနှင့် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဂေါက်ကလပ်တွင် အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင်ကျင်းပ၍ ရွေးချယ်ခဲ့သလို ၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ကျင်းပပြီးစီးခဲ့သည် ပွဲစဉ် ၆ ပွဲတို့တွင် အမှတ်ပေးဇယားများအရ အဆင့် ၁ မှ ၃၀ အတွင်း ရရှိခဲ့သူများမှာမူ  လက်ရည်စစ် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်မလိုဘဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်းသိရသည်။ ယခုပြိုင်ပွဲတွင် ပညာရှင်အဆင့်၊ ဝါသနာရှင်အဆင့် (အမျိုးသား) (H’cap 0-12) ဝါသနာရှင်အဆင့် (အမျိုးသမီး) (H’cap 0-18) ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်၍ ပြိုင်ပွဲကို စိန့်အင်ဒရူး  ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပလျက်ရှိကြောင်း၊ ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ  လေးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MGF