နေပြည်တော် ဇူလိုင် ၁၅
နေပြည်တော် ကောင်စီနယ်မြေ ပေါင်းလောင်းချောင်း အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာ အုပ်ချုပ်ရေး မှူးရုံးရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာများ၊ ဒေသနေ ငါးမွေးတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်က ငါးလုပ်ငန်းရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး၊ ငါးရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန် ဆည်ကန်များနှင့် သဘာဝ ရေပြင်မြစ်ချောင်းများ၌ နှစ်စဉ်ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ထုတ်ပြန်ထားသော ငါးမဖမ်းရ ရာသီကာလအတွင်း ငါးဖမ်းဆီးခြင်းမပြုရန်နှင့် တားမြစ်ထားသော ငါးဖမ်းကိရိယာနှင့်ငါးဖမ်းနည်းများကို အသုံးမပြုရန်လိုကြောင်း၊ ဥပါသောငါးကို တစ်ဦးတစ်ယောက်က ဖမ်းယူစားသုံးခြင်းသည် လူအများ စားသုံးနိုင်သည့် ငါးအများအပြား တိုးပွားလာရေးအတွက် ထိခိုက်နိုင်သည်ကို သတိပြုသင့်ပါကြောင်း၊ ဖမ်းသင့်သည့် အချိန်ဖမ်း ၊ စားသင့်သည့်အရွယ်တွင် စားခြင်းဖြင့် ရေသယံဇာတ ငါးပုစွန်များ ပြုန်းတီးမှု မဖြစ်ပေါ်စေရေးနှင့် ရေရှည်တည်တံ့သော ငါးရိက္ခာထုတ်လုပ်မှုဖြစ်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့တက်ရောက် လာကြသူများသည် ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၂)သိန်းကို မျိုးစိုက်ထည့်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းချောင်းအတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူထားရှိမှုကို ကြည့်ရှုအားပေးကြသည်။
နိုင်ငံ၏ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရန် ၊ ငါးမျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်၊ သား ငါး ပေါများစေရန်၊ ငါးမျိုးစိုက်သော ငါးသားပေါက်များ ရှင်သန်နှုန်းပိုမိုကောင်းမွန်စေရန် (၂)လက်မအရွယ် ငါးသားပေါက်များကို မြစ်ကြီးများ၊ သဘာဝမြစ်၊ ချောင်း၊ အင်းအိုင်များ၊ မြစ်ဖျား ချောင်းဖျား၊ ချောင်းလက်တက်များအတွင်းသို့ နှစ်စဉ် ထည့်သွင်းပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး၌ ငါးသားပေါက် ကောင်ရေ သိန်း(၁၀၀၀) ကျော် မျိုးစိုက်ထည့် သွားမည်ဖြစ်ပြီး ဇွန်လအထိ (၁၅၂)သိန်းကျော် မျိုးစိုက်ထည့်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်