နေပြည်တော် ဇူလိုင် ၂၇

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများနှင့် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆု ရရှိကြသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဌာနဆိုင်ရာ အကြီး အကဲများ၊ ထူးချွန်ဆု ရရှိကြသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာရည် မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့် သူများဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတမြင့်မားပြီး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း၊ နည်းပညာသစ်များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှု များပြားသည့် ယနေ့ ကမ္ဘာကြီးတွင် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချ၍ အစဉ်ကြိုးစား လေ့လာသင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၈ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူ ၁ ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၃၁ ဦး၊ ဝန်ကြီးဌာနအဆင့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၂၃ ဦး၊ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့် ဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများကို ဂုဏ်ပြုဆုများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေကြသော ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများသည် ထူးချွန်ဆု ရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်သွေးငယ်များအား ထူးချွန်အောင် ပြုစုပျိုးထောင် ပေးခဲ့ကြသည့် ဝန်ထမ်းမိဘများနှင့် ထူးချွန်ကျောင်းသား/ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်