နေပြည်တော်၊ ဇူလိုင် ၉
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာန အကြီးအကဲများ၊ ဂုဏ်ထူးရ ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်း လာရေး ရည်ရွယ်၍ ယခုကဲသို့ ထူးချွန်စွာအောင်မြင်ခဲ့မှု၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်တိုးတက် မြင့်မားရေး အမျိုးသားရေးမျှော်မှန်း ချက်ချမှတ်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ဘက်စုံထူးချွန်ထက်မြတ်ပြီး အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် စီမံဆောင်ရွက် ပေးလျက်ရှိရာ ကျောင်းသားလူငယ်များအနေဖြင့် ဘဝတက်လမ်းများ ပွင့်လင်းစေပြီး ပညာဗဟုသုတများ ရှာဖွေဆည်းပူးနိုင်မည့် အခွင့်အလမ်းများစွာ ရရှိနေပြီဖြစ်ကြောင်း။
ယခုကဲ့သို့အောင်မြင်မှုများကို အခြေခံပြီး အရည်အသွေးမြင့်မားသည့် ပညာရပ်များကို ဆက်လက် ကြိုးစားသင်ယူဆည်းပူးသွားကြရန်နှင့် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပညာဖြင့်သိမြင်ပြီး အမှားအမှန် ချင့်ချိန်ခွဲခြား အသုံးချတတ်ရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်က အားကိုးအားထား ပြုရသည့် သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘာသာစုံ ဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးများနှင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြု ဆုနှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ပြီး ဆုရ ကျောင်းသား/ကျောင်းသူများ ကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မမေသံသာဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများအား ရင်းရင်း နှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ ကျောင်းသား/ကျောင်းသူများ၊ မိဘများနှင့်အတူ နံနက်စာ အတူတကွ သုံးဆောင်သည်။ ယင်းနောက် ဆုရကျောင်းသား/သူများနှင့် မိဘများသည် နေပြည်တော်ရှိ ကျောက်မျက်ပြတိုက်အား ကြည့်ရှုလေ့လာပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ၆ ဘာသာ ဂုဏ်ထူးရှင် ၇ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၀ အပါအဝင် စုစုပေါင်း အောင်မြင်သူ ၂၁၆ ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၇၃ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်သော မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတို့၏ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ပုလဲဖေါ်ယူခြင်းမှရရှိသော ပုလဲလုံးရေ စုစုပေါင်း ၁၄၉,၄၅၅ လုံး အချိုးခွဲဝေ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


