နေပြည်တော် ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာမူလတန်းနှင့်အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စွမ်းရည်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ပေးကြသည့် အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ် ပညာဦးစီးဌာနမှဆရာဆရာမများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်သူဆရာဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ပညာရေးစနစ်သစ်တွင် ကျောင်းသားကျောင်းသူများ အရည်အချင်းရှိသော နိုင်ငံသားများဖြစ်ပေါ်လာရေးအတွက် ၂၁ ရာစု သင်ကြားရေးဆိုင်ရာ စွမ်းရည်များနှင့်ပြည့်စုံအောင် သင်ကြားပေးလျက်ရှိပါကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော စွမ်းရည်များ တိုးတက်လာစေရန်နှင့် စဉ်းစားတွေး ခေါ်ဉာဏ်ရင့်သန်ပြီး သင်္ချာဆိုင်ရာဉာဏ်ရည် တိုးတက်ရန်လိုပါကြောင်း၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်ဖြေဆိုကြသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်များနှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ တည်းဟူသော ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ ဖြေဆိုမှုနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြပြီးသင်္ချာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ ဖြေဆိုမှုနှင့်စပ်လျဉ်း၍ သင်္ချာစွမ်းရည်ပြိုင်ပွဲ စာစစ်မှူးချုပ်၊ ရန်ကုန်တက္ကသိုလ် သင်္ချာဌာန ပါမောက္ခ ဒေါက်တာအောင်ကျော် က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အတန်းလိုက် ပထမဆုရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများက အင်္ဂလိပ်စာစွမ်းရည်ကိုပြသတင်ဆက်ကာ အင်္ဂလိပ်စာ နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် Grade 5, Grade 6, Grade 7, Grade 8, Grade 9, မှ ပထမ၊ ဒုတိယ၊ တတိယ ဆုရကျောင်းသား၊ကျောင်းသူများကို ဆုချီးမြှင့်ပေးအပ်သည်။
ထို့နောက် အကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ ကူညီဆောင်ရွက်ပေးသည့် တက္ကသိုလ်မှတာဝန်ရှိ ဆရာဆရာမများကိုယ်စား အင်္ဂလိပ်စာနှင့် သင်္ချာအကဲဖြတ်ဒိုင် ၂ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်