နေပြည်တော် မေ ၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေးသီတင်းပတ်” သီချင်းသီဆိုဖွင့်လှစ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ပညာရေးသည် ရပ်တန့်၍ရသော အရာမဟုတ်သည့် လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထား အယူအဆအမြင်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည့် ဖြစ်စဉ်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ကျောင်းသို့ ရောက်ရှိရန် အရေးကြီးကြောင်း။
ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ ရောက်ရှိရေး၊ အသိပညာ၊ အတတ်ပညာများ နှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အနည်းဆုံး အခမဲ့ အလယ်တန်းပညာ (KG+9) ပြီးမြောက်ရေး အလေးအနက်ထားအကောင်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင် ကြားသင်ယူမှုအဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှု အားပေးရေးကို အခြေခံ ၍ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူရေး တို့အတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား လူငယ်များ ဘက်စုံဖွံ့ ဖြိုး တိုးတက်စေရန် သင်ကြားရေး ဆရာ၊ ဆရာမ များ သာမက စီမံခန့်ခွဲသူ၊ မိဘအုပ်ထိန်းသူ၊ ရပ်ရွာလူထု၊ ပညာရေးနှင့် ပတ်သက်ဆက်စပ်သူ အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်၍ KG+12 အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျန်ရှိနေသော သင်ရိုးသစ် အတန်းများ ဖြစ်သည့် Grade-9 နှင့် Grade-12 အတန်းတို့ကို ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်သည့်အတွက် KG+12 သင်ရိုးသစ်ဖြင့် အတန်းအားလုံးကို ဆောင်ရွက် သွားနိုင်ပြီ ဖြစ်ကြောင်း၊ အလယ်တန်း ပညာရေး KG +9 ပြီးဆုံး အောင်မြင်သူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာ အခြေခံ ရရှိရေးအတွက် Grade 10၊ Grade 11၊ Grade 12 အတန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာရပ်များကို ယခု၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း။
ကျောင်းအပ်နှံသည့် ကလေးများအတွက် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံတို့ကို အခမဲ့ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း၊ ထို့ပြင် သင်ကြားသင်ယူမှု ပိုမိုထိရောက်အောင်မြင်စေရန်သင်ထောက်ကူပစ္စည်းများကိုလည်း နှစ်စဉ် ပံ့ပိုးပေးလျက်ရှိကြောင်း၊
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အချိန်မီ ကျောင်းအပ်နှံ ကြရန်နှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာ များအနေဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီ ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွန်ကြားရေးမှူးချုပ်များ က တာဝန်ရှိသူများထံ အခမဲ့ပုံနှိပ် များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ကြသည်။
ယင်းနောက် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် ဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်