နေပြည်တော် သြဂုတ် ၉
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းကျန်းမာရေးလုပ်ငန်း စံပြဆုရ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ KOFIH စသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပညာရေးစနစ်အတွက် ကျောင်းသားများ၏ ကျန်းမာကြံ့ခိုင်ရေးသည် အခြေခံအုတ်မြစ်ဖြစ်ပြီး ကျောင်းသား များ၏ ပညာရေးအဆင့်အတန်းတိုးတက်မှုသည် ၎င်းတို့၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မှုပေါ်တွင် များစွာမူတည်နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်ရေး၊ ကျောင်းတက်မှန်ရေး၊ ကျောင်းနေမြဲ စေရေး ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရန်နှင့် အာဟာရ ပြည့်ဝရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရန်တို့သည် အလေးထား ဆောင်ရွက်ရမည့်ကဏ္ဍ ဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများ၏ ကျန်းမာရေးနှင့် အာဟာရပြည့်ဝမှု တိုးတက်စေရန် ရည်ရွယ်၍ ကျောင်းအခြေပြုအစီအစဉ်များဖြင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ တည်ထောင်ရေးလုပ်ငန်းစဉ်များကို အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေး ဝန်ကြီးဌာနသည် ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်းကာ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကို နိုင်ငံတစ်ဝန်းတွင် ထူထောင်လျက်ရှိပြီး အရေးပါသည့်ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း ပညာရေးဝန်ကြီးဌာန အပါအဝင် နှီးနွယ်ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များတွင် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုများနှင့် လိုအပ်သည့် ဆေးနှင့်ပစ္စည်းများ၊ ပညာပေးအထောက်အကူပစ္စည်းများ ကျောင်းပတ်ဝန်းကျင်ကောင်း ဖြစ်စေရန် လိုအပ်သည့် နည်းပညာများ ပံ့ပိုးမှုပေးခြင်း၊ ကျောင်းအခြေပြုသန်ချ ဆေးတိုက်ကျွေးခြင်းနှင့် အစာအုပ်စုများ စုံလင်စွာစားသုံးရေး အသိပညာပေးခြင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသူများကို သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပါအဝင် ကျောင်းအခြေပြု ကာကွယ်ဆေးများထိုးနှံခြင်း၊ ခြင်ကျားပိုးလောက်လမ်း ကင်းစင်ကျောင်းများ ထူထောင်ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ကျောင်းများ ထူထောင်ခြင်းတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းကျန်းမာရေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက် ဖျော်ဖြေကြပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများအား အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်သော တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို ဆုချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းကို ပြည်ထောင်စုနယ်မြေနေပြည်တော် ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ကို ကဗျာလွတ်အကဖြင့် ကြိုဆိုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကျောင်းစာသင်ခန်းပြင်ပတွင် ကျောင်းသား၊ ကျောင်းသူများက ကိုယ်ခန္ဓာကြံ့ခိုင်စေရေး အားကစားလှုပ်ရှား ဆောင်ရွက်မှုများကို အားပေးကြည့်ရှုပြီး ကျောင်းခန်းမအတွင်း ကျောင်းသား၊ ကျောင်းသူများက စနစ်တကျ လက်ဆေးနည်းနှင့် စနစ်မှန် သွားတိုက်နည်းကို သရုပ်ပြရှင်းလင်းခြင်း၊ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို သရုပ်ပြရှင်းလင်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများက အာဟာရမျှတ စေရန် စားသုံးရမည့် အစာအုပ်စု(၃)ခုကို ခင်းကျင်းပြသ၍ အစားအစာများတွင် ပါဝင်သည့် ပစ္စည်းများ၏ ကျန်းမာရေး အရအကျိုးရှိပုံကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က မေးမြန်း ဆွေးနွေးကြသည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက ဘဝတွက်တာကျောင်းကျန်းမာသရုပ်ပြ ကဗျာ အပါအဝင် ကျန်းမာရေးသရုပ်ပြကဗျာများဖြင့်ဖျော်ဖြေကြရာ ပြည်ထောင်စု ဝန်ကြီး များနှင့်အဖွဲ့က အားပေးကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေး၊ သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းနှင့် နို့၊ ကြက်ဥပြုတ်နှင့် ဌက်ပျောသီး အာဟာရများ ပေးဝေကာ ကျောင်းသား၊ ကျောင်းသူများကို သွားနှင့် ခံတွင်း ကျန်းမာရေးဌာနခွဲမှ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်ကြီးများက သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်ပေးမှုများနှင့် မျက်စိအထူးကု ဆရာဝန်ကြီးများက မျက်စိကျန်းမာရေး စစ်ဆေး ပေးပြီး မျက်မှန်များ ထောက်ပံ့ပေးနေခြင်းကို အားပေးကြည့်ရှုကြသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဂီတသံစုံတီးဝိုင်းဖြင့် လေ့ကျင့်နေမှုနှင့် ယခုနှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ခေါင်းစဉ်ဖြင့်ကျင်းပလျက်ရှိသည့် စာစီ စာကုံး ပြိုင်ပွဲကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ် အခမ်းအနားများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)