နေပြည်တော် ဇန်နဝါရီ ၁၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ပေါင်းစုံအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့တွင်ကျင်းပလျှက်ရှိရာ ယနေ့ နံနက်ပိုင်းမှစတင်ပြီး ပဉ္စမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများ အလိုက်ယှဉ်ပြိုင်ကစားကြသည်။

အမျိုးသားပိုက်ကျော်ခြင်း နှစ်ယောက်တွဲ ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ‌‌ဒေါက်တာဇော်မြင့်၊ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊  လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ဆွေထွန်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ  ကြည့်ရှုအားပေးကြသည်။ 

အဆိုပါ အမျိုးသားပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲ ပွဲစဉ်များအပြီးတွင် စစ်ကိုင်း တက္ကသိုလ်အသင်းက ပထမ၊ ပဲခူးတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး ရတနာပုံတက္ကသိုလ် အသင်းနှင့် မော်လမြိုင်တက္ကသိုလ်အသင်းတို့က ပူးတွဲတတိယ ရရှိကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း က အကောင်းဆုံးရိုက်ခုတ် ကစားသမားဆုရရှိသည့် ပဲခူးတက္ကသိုလ်မှ ကျောနံပါတ် ၁ မောင်ထင်လင်းနောင်ကို လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ‌‌‌ဒေါက်တာသန်း‌ဇော်ဦး က အကောင်းဆုံးပင့်ထောင် ကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ ကျောနံပါတ် ၄ မောင်အောင်မျိုးကျော် ကိုလည်းကောင်း၊ တက္ကသိုလ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင် က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးကစားသမား ဆုရရှိသည့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ကျောနံပါတ် ၉ မောင်အောင်‌အောင်ကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့် က အမျိုးသားပိုက်ကျော်ခြင်း တံခွန်စိုက်ဒိုင်းဆု ရရှိသည့် စစ်ကိုင်းတက္ကသိုလ်အသင်းကို လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံတွင်လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင်လည်းကောင်း၊ အမျိုးသားဘောလုံး ပြိုင်ပွဲကိုလေ့ကျင့်ရေးကွင်းအမှတ် ၁ နှင့် ကွင်းအမှတ် ၃ တွင်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်