နေပြည်တော် ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ပေါင်းစုံအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားရုံတို့တွင်ကျင်းပလျှက်ရှိရာ ယနေ့ နံနက်ပိုင်းမှစတင်ပြီး နဝမနေ့ ပွဲစဉ်များအဖြစ် အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမတွင် ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲများသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။
အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် ရတနာပုံတက္ကသိုလ် အသင်းက ပထမ၊ စစ်ကိုင်းတက္ကသိုလ်အသင်းက ဒုတိယရရှိပြီး မြစ်ကြီးနား တက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်အသင်းတို့က ပူးတွဲတတိယ ရရှိကြသည်။
ထို့နောက် နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုများပေးအပ်ရာ တက္ကသိုလ် ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင် က အကောင်းဆုံး နောက်ထိန်းကစားသမားဆုရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်မင်းသန့်သူ ကိုလည်းကောင်း၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်း က အကောင်းဆုံး ရိုက်ခုတ်ကစားသမားဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်အောင် ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က အကောင်းဆုံးပင့်ထောင် ကစားသမားဆု ရရှိသည့် ရတနာပုံတက္ကသိုလ်မှ မောင်နိုင်းနိုင်းအောင် ကိုလည်းကောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမား ဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်မှ မောင်အောင်မျိုးကျော် ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ဆွေထွန်းက အမျိုးသားအသင်းလိုက် သုံးယောက်တွဲပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော မြစ်ကြီးနားတက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ်အသင်းတို့ကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း က အမျိုးသားအသင်းလိုက် သုံးယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် စစ်ကိုင်းတက္ကသိုလ်အသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း က အမျိုးသားအသင်းလိုက် သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရတနာပုံတက္ကသိုလ် အသင်းကိုလည်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က အမျိုးသားပိုက်ကျော်ခြင်း တံခွန်စိုက်ဒိုင်းဆုကို ချီးမြှင့်ပေးအပ်ရာ ရတနာပုံတက္ကသိုလ်အသင်းက လက်ခံရယူသည်။
တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ကျင်းပသွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်