နေပြည်တော်၊ ဇူလိုင် ၁၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရဲရွာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊ ထူးချွန်ဆုရဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးသည် ကျောင်းသား/ ကျောင်းသူ တစ်ဦးချင်းစီအတွက် ဘဝရည်မှန်းချက်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်ပါကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်သဖြင့် ပညာရေးကို တိုးတက်အောင် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်ထက်မြက်စွာ အောင်မြင်ကြသည့် ကျောင်းသား/ ကျောင်းသူများအနေနှင့် ပညာရည်မြင့်မား တိုးတက်ပြီး အနာဂတ် မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်းနှင့် ထူးချွန်ဝန်ထမ်းများ အနေဖြင့်လည်း ကျရာတာဝန်ကျေပွန်ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသော ဝန်ထမ်းကောင်းအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ဇနီးက (၅) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက (၅) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများကို လည်းကောင်း၊ ဌာနအကြီးအကဲများက (၄) ဘာသာဂုဏ်ထူး၊ (၃) ဘာသာ ဂုဏ်ထူး၊ (၂) ဘာသာဂုဏ်ထူးနှင့် (၁) ဘာသာဂုဏ်ထူးတို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် ထူးချွန်ဆုရဝန်ထမ်းများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား (၆) ဘာသာဂုဏ်ထူးရှင် တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်(၆) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၈) ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၁၅) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၁၃) ဦး၊ စုစုပေါင်း (၁၅၄) ဦးနှင့် ထူးချွန်ဝန်ထမ်း (၁၈) ဦးတို့ကို ဝန်ကြီးဌာနမှ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


