နေပြည်တော်   ဩဂုတ် ၃၀

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဂုဏ်ထူးရထူးချွန် ကျောင်းသား ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။

 

ဦးစွာပြည်ထောင်စုဝန်ကြီး က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်း ရယူကြမည့် ကျောင်းသားကျောင်းသူမျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်း ဖြစ်သည့်အပြင် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာအောင် တိုက်တွန်းနှိုးဆော်လိုသည့် သဘောဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ကို အလုပ်အကျွေးပြုမည့် သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင်ကြိုးပမ်းကြရန်၊ ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးနှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် မိဘများအနေဖြင့်လည်း မွန်မြတ်သောစေတနာဖြင့် တက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူး၊ ငါးဘာသာဂုဏ်ထူး၊ လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက သုံးဘာသာဂုဏ်ထူး၊ နှစ်ဘာသာဂုဏ်ထူး၊ တစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တက္ကသိုလ်စာမေးပွဲကို ရိုးရိုးအောင်မြင်ခဲ့ သည့် ကျောင်းသား ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ကြပြီး ကျောင်းသား ကျောင်းသူများ ကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မောင်ထက်အောင်ခန့်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်စကား ပြောကြားသည်။

 

ယင်းနောက် ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများသည် နေပြည်တော်ရှိ အမျိုးသားပြတိုက်ကို ကြည့်ရှုလေ့လာပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မှ ဝန်ထမ်းများ၏ သားသမီးများမှ ခြောက်ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၆ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆ ဦးအပါအဝင် စုစုပေါင်းအောင်မြင်သူ ၇၁ ဦးဖြစ်၍ အောင်ချက်ရာခိုင်နှုန်း ၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)