နေပြည်တော် ဇူလိုင် ၄

အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား သမီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊  ကျောင်း သား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် လူမှုရေးဦး တည်ချက်တွင် ပညာရေးကိုအခြေခံသည့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များ အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါး တန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့် အချက်များပါဝင်ကြောင်း၊ ပညာတတ်များ စွမ်းပကားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး (၂၁)ဦး အောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူး ရရှိသူ (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၁) ဘာသာ ဂုဏ်ထူး ရရှိသူ (၃)ဦး စုစုပေါင်း (၇)ဦး ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ သည့် (၆)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးနှင့် (၄)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးကို လည်းကောင်း၊ ဒုတိယဝန်ကြီးက (၃)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦးနှင့် (၂)ဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦးကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က (၁)ဘာသာဂုဏ်ထူးရရှိသူ (၃)ဦးကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့် လူသားတစ်ဦး၊ ပညာရှင်တစ်ဦးဖြစ်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားပြီး ထူးချွန်စွာ အောင်မြင့်သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တင် ဓါတ်ပုံရိုက်ကြသည်။

သတင်းစဉ်