ရန်ကုန် ဇန်နဝါရီ ၃၁
အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို မြန်မာအပါအဝင် အသင်းစုစုပေါင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ၏ ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲတို့ကို ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ များနှင့် တစ်ပေါင်းတည်းကျင်းပခဲ့ပြီး တတိယအဆင့်ခြေစစ်ပွဲမှ သီးခြားစီကျင်းပခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပပြီးစီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲအပြီးတွင် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်တတိယအဆင့်ခြေစစ်ပွဲ သို့ တက်ရောက်ခွင့်ရသည့် ၁၂ သင်းမှာ ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ဆက်လက်ကစားရန်မလိုဘဲ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းအပါအဝင် ကူဝိတ်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဖိလစ်ပိုင်၊ ဂျော်ဒန်၊ ဘာရိန်း၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ ကာဂျစ္စတန်၊ မလေးရှား၊ တာ့ခ်မင်နစ္စတန်၊ မော်လ်ဒိုက်၊ နီပေါ၊ ဟောင်ကောင်၊ စင်ကာပူ၊ အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ယီမင်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်အပါအဝင် ကာတာ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျ။ အီရန်၊ ယူအေအီး၊ လက်ဘနွန်၊ အီရတ်၊ ဆီးရီးယား၊ သြစတြေးလျ၊ အိုမန်နှင့် ဗီယက်နမ်အသင်းတို့မှာ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရထားပြီးဖြစ်သည်။
တတိယအဆင့်ခြေစစ်ပွဲတွင် လေးသင်းခြောက် အုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် တတိယအဆင့်ခြေစစ်ပွဲကို တစ်ကျော့တည်းပြုလုပ်မည်ဖြစ်ကာ ဇွန် ၈ ရက်မှ ၁၄ ရက် အထိ အုပ်စုတစ်ခုကို အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်၍ ပြုလုပ်သွားမည်ဖြစ်သည်။ ၂၀၂၃ အာရှ ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အသင်း ၂၄ သင်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး ၁၃ သင်း ထွက်ပေါ်ပြီဖြစ် သောကြောင့် တတိယအဆင့်ခြေစစ်ပွဲမှ ၁၁ သင်း ထပ်မံထွက်ပေါ်မည်ဖြစ်သည်။ ထို့ကြောင့် အုပ်စုခြောက်ခုမှ ထိပ်ဆုံး အသင်းများနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးငါးသင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။ ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ် သွားမည်ဖြစ်သည်။
ရဲရင့်လွင်