နေပြည်တော် အောက်တိုဘာ ၁၀
မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရန်အတွက် ၂၀၂၃ ခုနှစ် (၄၄)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဝင် အသင်းကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
ခြင်းလုံးညီလာခံသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဆပ်ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အထင်ရှားဆုံး ရိုးရာအားကစားနည်း
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်ရိုးရာ အားကစားနည်းများရှိကြသည့်နည်းတူ မြန်မာနိုင်ငံမှာလည်း ရိုးရာအားကစားနည်း များစွာရှိသည့်အနက် ခြင်းလုံးအားကစားနည်းသည် အထင်ရှားဆုံးရိုးရာအားကစားနည်းတစ်ခုဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ရိုးရာခြင်းလုံးအားကစားနည်းကို ၁၉၂၇ ခုနှစ်တွင် စတင်ခတ်ကစားခဲ့ကြကြောင်း၊ ပထမအကြိမ် ရိုးရာခြင်းလုံး ညီလာခံကို ရန်ကုန်မြို့၌ ၁၉၅၃ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပခဲ့ပြီး တစ်ပြည်လုံးမှ ကိုယ်စားလှယ် ၃၃ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ညီလာခံအပြီး ၁၉၅၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကို စတင် ဖွဲ့စည်းခဲ့ရာမှ အားကစားအသွင်အဖြစ်ပါ ပြောင်းလဲရောက်ရှိလာခဲ့သည်ကို တွေ့ရှိခဲ့ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် သက်တမ်း နှစ် ၇၀ အတွင်း ရိုးရာခြင်းလုံး ညီလာခံကို အချို့နှစ်များတွင် မကျင်းပနိုင်ခဲ့ သော်လည်း ယခု (၄၄)ကြိမ်မြောက်ညီလာခံကို ပြန်လည်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ရိုးရာခြင်းလုံးညီလာခံတွင် ခြင်းလုံးအားကစားနည်း နှင့်ပတ်သက်သည့် ဥပဒေ/နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ ပြိုင်ပွဲကျင်းပသည့်စနစ်၊ အမှတ်ပေးစနစ်နှင့် ခြင်းပေါက်သတ်မှတ်ချက်များကို လိုအပ်သလို ဆွေးနွေးပြင်ဆင်ကြသည့်အတွက် ရိုးရာခြင်းလုံးညီလာခံများသည် ခြင်းလုံးလောကအတွက် အလွန်အရေးပါကြောင်း။
ရွှေတံဆိပ်ဆုများစွာရယူပေးနိုင်ခဲ့
ခေတ်အဆက်ဆက် ခြင်းလုံးပညာရှင်ကြီးများက ရိုးရာခြင်းလုံးအားကစားနည်း မတိမ်ကော မပပျောက်သွားစေရန် ဝိုင်းဝန်းထိန်းသိမ်းပြီး ပိုမိုပြန့်ပွားတိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့ကြသည့်အပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ပြီး မြန်မာ့ခြင်းလုံးအားကစားနည်းကို သရုပ်ပြခတ်ကစားခဲ့ကြသည့်အတွက် နိုင်ငံတကာသို့ပါ ပျံ့နှံ့ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၂၀၁၃ ခုနှစ်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပနိုင်ခဲ့သည့်အပြင် အာရှခြင်းလုံးအဖွဲ့ချုပ်ကိုပါ ဖွဲ့စည်းပြီး (၂၈)ကြိမ်မြောက်၊ (၂၉)ကြိမ်မြောက်နှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတို့တွင် ခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပနိုင်ခဲ့သည့်အတွက် အရှေ့တောင်အာရှနိုင်ငံများ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း ပျံ့နှံ့စေခဲ့ရုံသာမက မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုများစွာရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တည်တံ့ ပြန့်ပွားစေရန် လက်ဆင့်ကမ်းကြိုးပမ်းသွားကြရန်နှင့် နိုင်ငံတကာနယ်ပယ်တွင်လည်း အရှေ့တောင်အာရှမှ အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက် နိုင်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်