နေပြည်တော် စက်တင်ဘာ ၇
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုနှစ်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Together for Clean Air - လေထုသန့်ရှင်းဖို့ လက်တွဲ ပူးပေါင်းဆောင်ရွက်စို့” ဖြစ်ပြီး လေထုညစ်ညမ်းမှုနင့်ပတ်သက်၍ အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ လေထုအရည်အသွေးဆိုင်ရာ အစီအမံများနှင့် ဖြေရှင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လေထုညစ်ညမ်းမှုကို ကျော်လွှားနိုင်ရန်အတွက် အခန်းကဏ္ဍအလိုက် တာဝန်ခွဲဝေ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း။
လူသားတို့၏ ကျန်းမာရေးနှင့် နေ့စဉ်နေထိုင်မှုဘဝအတွက် သန့်ရှင်းသော လေရရှိရေးသည် အရေးကြီးကြောင်း၊ လေထုညစ်ညမ်းမှုသည် တစ်ကမ္ဘာလုံးတွင်ရှိသည့် လူသားများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၆ဒသမ၇ သန်းခန့် သေဆုံးနေပြီး လူဦးရေ ၂၄ သန်းခန့်သည် အိမ်တွင်း လေထုညစ်ညမ်းမှု အန္တရာယ်နှင့် ကြုံတွေ့နေကြရကြောင်း။
လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော်သည့် သဘာဝရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများ အကြားတွင် ဖြစ်ပေါ်လေ့ရှိသည့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်မှုဆိုင်ရာ အာဆီယံသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
လေထုညစ်ညမ်းမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှုကိုပါ ဖြစ်ပေါ်စေသော မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ အသုံးပြုရေး၊ အစိမ်းရောင် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များကို သန့်ရှင်းသောလေထု၊ စိမ်းလန်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များအား လက်ဆင့်ကမ်းအမွေပေးသွားနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် ဗွီဒီယိုကိုပြသပြီး၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် ပိုစ တာများ ပြသထားမှုကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
သတင်းစဉ်