အောက်တိုဘာ  ၄

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းနှင့်ပြည်ပဝယ်လိုအားနည်းခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားကာ၂၀၂၄ ခုနှစ်တွင် ခန့်မှန်းခြေ ၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၀ ရာခိုင်နှုန်းသို့ ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မကြာသေးမီကထုတ်ပြန်ခဲ့သော ဗီယက်နမ်၏ Macro နှင့် ဆင်းရဲနွမ်းပါးမှုခန့်မှန်းချက်ကို ကိုးကားပြီး ဗီယက်နမ်နယူးစ်က ယနေ့တွင်ဖော်ပြထားသည်။

ပြည်တွင်းဝယ်လိုအားသည် ယမန်နှစ်ထက် ပိုမိုနှေးကွေးသောနှုန်းဖြင့် တိုးလာသော်လည်း ယခုနှစ်တွင် အဓိကမောင်းနှင်အားအဖြစ် တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်ကပြောသည်။ အရပ်ဘက် ဝန်ထမ်းလစာများ တိုးလာခြင်းကြောင့် ယခုနှစ်တွင် ငွေကြေးဖောင်းပွမှု ပျမ်းမျှ အားဖြင့် ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရသည်။

ပို့ကုန်များအနည်းငယ်ပြန်လည်ကောင်းမွန်လာခြင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာခြင်းတို့ကြောင့် လက်ရှိဘဏ်စာရင်း ပိုမိုတိုးတက်ကောင်းမွန်လာရန် မျှော်လင့်ရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်သည် ၂၀၂၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှုခန့်မှန်းချက်ကို ဧပြီလတွင် ယခင်ခန့်မှန်းချက် ၆.၅ ရာခိုင်နှုန်းမှ ၅.၈ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို