နေပြည်တော်၊ နိုဝင်ဘာ၁၄
(၂၀၂၃) ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ ၌ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက် ပြီးသူ (၁၀) ဦးတွင် (၁) ဦးသည် ဆီးချိုသွေးချိုရောဂါ ခံစားနေရပြီး ဆီးချိုသွေးချိုရောဂါကြောင့် နှစ်စဉ် လူဦးရေ (၂) သန်းခန့် အသက်ဆုံးရှုံးနေရကြောင်း၊ ဆီးချိုသွေးချိုရောဂါရှိနေသူ (၅၀) ရာခိုင်နှုန်းခန့်သည် ၎င်းတို့ကိုယ်တိုင် ရောဂါဖြစ်ပွားနေမှန်း မသိရှိကြကြောင်း၊ ဖြစ်ပွား သေဆုံးမှုမြင့်မားလာသည့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါအန္တရာယ် အသိပညာပေးခြင်းကို မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတွင် (၂၀၀၆) ခုနှစ်မှ စတင်၍ နှစ်စဉ် နိုဝင်ဘာ (၁၄) ရက်တိုင်း “ကမ္ဘာ့ဆီးချို သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day)” အထိမ်းအမှတ် အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ဆီးချိုသွေးချို ရောဂါကာကွယ် ထိန်းသိမ်းရေး နေ့ဆောင်ပုဒ်မှာ ‘Know your risk, Know your response’ ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆီးချိုသွေးချို အန္တရာယ် ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့” ဟု သာသာပြန်ဆိုထားကြောင်း၊ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုမှ မိမိတို့တွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်အခြေအနေကို သိရှိနားလည်၍ အချိန်မီ စစ်ဆေးကုသမှုများ ရယူရန် ဖြစ်ပါကြောင်း။
အသက်(၄၅)နှစ်ကျော်လာလျှင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများလာသည်ကို တွေ့ရှိရကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆီးချိုသွေးချိုရောဂါ မဖြစ်ပွားစေရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင် စားသောက်မှုပုံစံကို ကျင့်သုံးရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေးမြှင့်တင် နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံမှ အလေးထား ဆောင်ရွက် ပေးလျက်ရှိကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှု ရရှိစေရန်နှင့် ဆီးချိုသွေးချို ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာမြင့်မားစေရန်အတွက် Center of Excellence for Diabetes များကို ရန်ကုန်၊ မန္တလေးနင့် နေပြည်တော်၌ရှိသည့် ဆေးရုံကြီး (၄) ခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်၍ ခေတ်မီနည်းပညာကုထုံးများဖြင့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၊ ဒေသန္တရ ကျန်းမာရေးဌာနများနှင့် မိခင်နှင့်ကလေးကျန်းမာရေး ဌာနများတွင် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်း (၇၄၀၀) ကျော်ကို ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ အခြေခံကျန်းမာရေးဝန်ထမ်းများက ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကိုလည်း နိုင်ငံတော်မှ အခမဲ့ စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသေဆုံးမှုနှင့် ရောဂါနောက်ဆက်တွဲ လူမှုစီးပွားဒုက္ခများကို ရှောင်ရှားနိုင်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ပြည်သူလူထုအနေဖြင့် ယခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချို ရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ ရောဂါအန္တရာယ်ကို ကိုယ်တိုင် သိရှိနားလည်ပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ပြုမူကာ လိုအပ်သော စစ်ဆေးကုသမှုများကို အချိန်မီရယူရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြခန်းငယ်အား လှည့်လှည်ကြည့်ရှုသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ ဆီးချိုသွေးချိုရောဂါရှိသော ဝန်ထမ်းများအား စစ်ဆေးကုသပေးခြင်းနှင့် မိမိဆန္ဒအလျောက် ဆီးချိုသွေးချိုရှိမရှိ စစ်ဆေးလိုသည့် အသက် (၄၀) နှစ်နှင့် အထက်ဝန်ထမ်းများကို စစ်ဆေးပေးခြင်း ဆောင်ရွက်နေမှုကို လှည့်လှည်ကြည့်ရှုအားပေးသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ ဌာနမှူးများ၊ အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်