မြန်လင်းမောင်

နှစ်စဉ် မတ် ၃ ရက်တိုင်းတွင် “ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပလေ့ရှိ သည်။ ဤနေ့သည် ၁၉၇၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော မျိုးသုဉ်းရန်အန္တရာယ်ရှိသော တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်(the Convention on International Trade in Endangered Species of Wild Fauna and Flora - CITES)ကို  လက်မှတ် ရေးထိုးခဲ့သောနေ့လည်းဖြစ်သည်။ ယခုအခါ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့သည်  ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် အပင်မျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ပေးသည့် အရေးကြီးဆုံးနေ့ တစ်ခုဖြစ်လာသည်။

 

၂၀၂၃ ခုနှစ် မတ်လ ၃  ရက်တွင်  ကျရောက်သည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့သည် မျိုးသုဉ်းရန် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်များ  နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်အဖွဲ့(CITES) ၏ နှစ် (၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်နေ့လည်းဖြစ်သည်။ CITES သည် ကုန်သွယ်မှုနှင့် ထိန်းသိမ်းရေး၏ အဓိကနေရာတွင် ရပ်တည်နေပြီး ကွန်ဗင်းရှင်းတွင်  ပါဝင်သူများ အနေဖြင့် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  အာမခံချက်ပေးနိုင်ရေးကို ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

 

ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဖက်များ- Partner-ships for Wildlife Conservation" ဖြစ်သည်။ 

 

တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲအရင်း အမြစ်များသည် လူသားတို့၏ အခြေခံလိုအပ်ချက် များဖြစ်သည့် အစားအစာ၊ လောင်စာဆီ၊ ဆေးဝါး၊ အိမ်ရာများနှင့် အဝတ်အထည်များအထိ ဖြည့်ဆည်း ပေးလျက်ရှိပြီး သန်းပေါင်းများစွာသော လူသားများ၏ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေး အခွင့် အလမ်းများ၏ အရင်းအမြစ်အဖြစ် သဘာဝကို မှီခို အားထားနေကြရသည်။

 

ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းတွင် နိုင်ငံအဆင့်နှင့် ဒေသအဆင့်အလိုက်  တောရိုင်း တိရစ္ဆာန် မျိုးစိတ်များနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးအပေါ် အာရုံစိုက် ပူးပေါင်းဆောင်ရွက်ရန် မရှိ မဖြစ် လိုအပ်လှပေသည်။

 

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့သည် ကျွန်ုပ် တို့ကမ္ဘာမြေပေါ်ရှိ ကြီးကျယ်ခမ်းနားသော ဇီဝမျိုးစုံ မျိုးကွဲများကို ကာကွယ်ရမည့်တာဝန်ကို  ထင်ဟပ် ပြသနေပြီး လူသားတို့၏ လုပ်ဆောင်ချက်များသည် တစ်ချိန်က  ရှင်သန်နေသော သစ်တောများ၊ တောတောင်များ၊ လယ်မြေများ၊ သမုဒ္ဒရာများ၊ မြစ် များ၊ ပင်လယ်များနှင့်  ရေကန်များဆီကို ညစ်ညမ်း စေလျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်း တစ်သန်းခန့်၏ နေရင်းဒေသများ ပျက်စီးခြင်း၊ ရုပ်ကြွင်းလောင်စာဆီ ညစ်ညမ်းမှုနှင့်  ပိုမိုဆိုးလာ သော ရာသီဥတုဆိုင်ရာ အကျပ်အတည်းများကြောင့် မျိုးသုဉ်းလုနီး အခြေအနေသို့  ရောက်ရှိလာနေ ကြောင်း၊ ထို့ကြောင့် ကာဗွန်ထုတ်လွှတ်မှုကို ဖြတ် တောက်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှု အရှိန်မြှင့်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိအောင် တည်ဆောက်ရန်  ပိုမိုခိုင်မာသော လုပ်ဆောင်မှုများ ယခုပင်  လုပ်ဆောင်ရန်လိုအပ်ကြောင်းနှင့် ကျွန်ုပ်တို့ အားလုံးသည် သဘာဝနေရင်းဒေသများကို နေ့စဉ်နှင့်အမျှ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သက်ရှိသတ္တဝါ အားလုံးအတွက် သာယာသော အနာဂတ်ကို တည်ဆောက်ကြပါစို့ ဟု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “၂၀၂၃ ခုနှစ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် သတင်းစကားပေးပို့ထားသည်။

 

ကိုးကား - https://wildlifeday.org/en/message/antonio-guterres

https://www.wildlifeday.org/en/about-us