ရန်ကုန်   ဩဂုတ်  ၄

 

၂၀၂၃  ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်၊  စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV) ပြပွဲဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းက   ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူရင်ပြင်၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

 

ထို့နောက်၂၀၂၃ ခုနှစ် မိုးရာသီ ဈေးရောင်းပွဲတော်၊  စက်မှုထုတ်ကုန်ပြပွဲကို  စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး    ဦးမျိုးမြင့်အောင်နှင့်  စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများက လည်းကောင်း၊ လျှပ်စစ် (EV) ကားပြပွဲကို  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများကလည်းကောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက     စက်မှုထုတ်ကုန်ပစ္စည်းများနှင့် လျှပ်စစ်(EV)ကားများ၊ အားသွင်းစက်များ ပြသထားရှိမှုများကို  လိုက်လံကြည့်ရှု အားပေးကြသည်။

 

အဆိုပါဈေးရောင်းပွဲနှင့် ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်ကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ နေပြည်တော်ကောင်စီ အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းအရောင်း ဆိုင်ခန်းများ၊  အသေးစား၊  အငယ်စား၊  အလတ်စား (MSME) ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ Digital economy coner  နည်းပညာပြခန်းများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့်  ညီနောင်အသင်းများမှ အရောင်းပြခန်းများ၊ မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ   ပြခန်းများ၊  အခြားအသင်းအဖွဲ့များမှ ပြခန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ   ပြခန်းများ ခင်းကျင်းပြသမည်ဖြစ်သည်။

 

ထို့ပြင်  မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်နှင့် လက်လီရောင်းချသူများအသင်းက   ဆန်ကိုလည်း ကောင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီကိုလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ   ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့်   ဈေး လာရောက်ဝယ်ယူသူများအား Dancer အကများ၊ ရှိုးပွဲများ၊ ဒီဂျေများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီးအတွင်း ပတ်လမ်းမှ မော်တော်ယာဉ်များဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိသည်။

 

အဆိုပါ ဈေးရောင်းပွဲတော်ကို ဩဂုတ် ၄ ရက်မှ ၆ ရက်အထိနံနက် ၉ နာရီမှ ည ၇နာရီအထိ ပြသ ရောင်းချမည် ဖြစ်ကြောင်းနှင့်   ဆိုင်ခန်းရောင်းချမည့်သူများနှင့်      ဈေးလာရောက်ဝယ်ယူကြသူများ   စားသောက်ရေးအတွက်  တန်ဖိုးသင့်ထမင်းဆိုင်များ  ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)