ရန်ကုန် မေ ၂၂
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားမောင်/မယ်များသည် မိမိတို့အသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓာတ် အပြည့်အဝနှင့် ကြိုးစားယှဉ်ပြိုင်ကြရန်၊ ဒိုင်လူကြီးများကလည်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် ပေးရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်(၄) ချက် ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ပြိုင်ပွဲကို တင်းနစ်ရိုက် ဖွင့်လှစ်ပေးကာ ပထမနေ့ ပွဲစဉ်များကို ကြည့်ရှုအားပေးသည်။
၂၀၂၃ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်းတွင် မေ ၂၂ ရက် မှ ၂၈ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီး အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်းအုပ်ချုပ်သူ ၊ နည်းပြ၊ အားကစားသမား အင်အား ၁၆၂ ဦးပါဝင်မည်ဖြစ် ကြောင်းနှင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)