နေပြည်တော် ဩဂုတ် ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၂၀၂ ၃ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ မြို့နယ်အဆင့် ဆရာ ဖြစ်သင်တန်း အပတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးနှင့်ကျေးလက်ဖွံ့ဖြိုးရေး သင်တန်း ကျောင်း(AERDTC)၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် သင်တန်းသား၊ သင်တန်း သူ(၆၁)ဦးတို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံ စာရင်းဇယား ကိန်းဂဏန်းများလိုအပ်သဖြင့် အရေးပါသည့် ကိန်းဂဏန်းများ ပြန်လည် တည့်မတ်နိုင်ရန် တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေ စာရင်းများရရှိရေးအတွက် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကို (၅)နှစ်လျင်တစ်ကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး တိရစ္ဆာန် ကောင်ရေစာရင်း ပြောင်းလဲမှုကို သိရှိနိုင်ရန် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းများကို နှစ်စဉ်ကောက်ယူလျက်ရှိကြောင်း၊ ယခု ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒုတိယအကြိမ် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စု နယ်မြေနေပြည်တော်အပါအဝင် တိုင်းဒေသကြီးပြည်နယ်(၁၃)ခုရှိ မြို့နယ် (၂၁၅)မြို့နယ်မှ ကျေးရွာအုပ်စုရပ်ကွက်များ၏ ရာခိုင်နှုန်း၂၀ကို ကွက်ပြည့်စာရင်း ကောက်ယူသွား မည်ဖြစ်ကာ စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကို ၁၀၀ ရာခိုင်နှုန်း စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း။
သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိကြမည့် နည်းပညာအတွေ့ အကြုံများကို ဝန်ထမ်းများအား ပြန်လည်သင်ကြားပြသပေးကြရမည့် သူများဖြစ်၍ မိမိကိုယ်တိုင်သိရှိနားလည်ရန်နှင့် မြေပြင်တွင်ကြုံတွေ့နိုင်မည့် အခြေအနေများကို ကြိုတင်မျှော်မှန်းပြီး သင်တန်းတွင် မေးမြန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ခုနှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်ထိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နှစ်စဉ် ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန် ကောင်ရေစာရင်းအား မြေပြင်တွင် ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်းကိန်းဂဏန်း တွက်ချက်နည်းဖြင့်သာ စာရင်းပြုစုမှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ပြည်တွင်းအသားစားသုံးမှုတွင် အစားအစာ ဘေးကင်း လုံခြုံပြီး အာဟာရပြည့်ဝသော သားငါးရိက္ခာဖူလုံစေရန် ၊ ပြည်တွင်း ပြည်ပ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော မွေးမြူထုတ်လုပ်မှုအစီအမံများ ချမှတ် ဆောင်ရွက်နိုင်ရန် ၊ မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးလာစေရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရေးပါသည့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း၌ တာဝန်ယူဆောင်ရွက်ကြမည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ဒုတိယ တိုင်းဒေသကြီး ပြည်နယ် ဦးစီးဌာနမှူးများ၊ ခရိုင်ဦးစီးဌာနမှူးများ နှင့် (၂၁၅) မြို့နယ်မှ မြို့နယ်ဦးစီးမှူးများအား တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များတွင် လုပ်ငန်းကျွမ်းကျင်မှုရှိပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ရန် “တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ မြို့နယ်အဆင့်ဆရာဖြစ်သင်တန်း” များကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်း၌ မြေပြင်ရှိ တိရစ္ဆာန်ကောင်ရေစာရင်းများ စနစ်တကျကောက်ယူရာတွင် အသုံးပြုသည့် မေးခွန်းလွှာနှင့် Commcare Application တို့ကိုစနစ်တကျ အသုံးပြုတတ်စေရေး၊ ကောင်ရေစာရင်း ကိန်းဂဏန်းများ မှန်ကန်မြန်ဆန်ပြည့်စုံစွာ အစီရင်ခံတင်ပြနိုင်ရေးတို့အတွက် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း၊ လက်တွေ့ကွင်းဆင်း လေ့ကျင့်မှု အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးရွာအချို့တွင် ကွင်းဆင်း၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်