မန္တလေး ဇွန် ၉

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မန္တလေးမြို့ရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်း များ၌ ယနေ့ဇွန်(၉)ရက်တွင် တစ်ချိန်တည်း ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ (၂၂၀၆၉) ဦးရှိသည့်အနက် အောင်မြင်သူ (၁၆၀၁၈) ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၇၂ ဒသမ ၅၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ 

 

ယနေ့နံနက်(၆) နာရီမှစတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သော ကျောင်းများ၌ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အား ထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျဆရာ၊ ဆရာမများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကြည့်ရှုနိုင်ကြစေရန် ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ စာမေးပွဲထုတ်ပြန်မှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးထွန်းက “ဒီနှစ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းရဲ့ အောင်ချက်က ၇၂ ဒဿမ ၅၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အားလုံးမှာ မန္တလေးတိုင်းက တတိယအဆင့် ဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံဘာသာတွဲ အမှတ်အများဆုံး(၁၁)ဦးမှာလည်း မန္တလေးတိုင်း ဒေသကြီးက (၇)ဦးပါ ဝင်ပါတယ်။ ဒီနေ့အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရော သူတို့ရဲ့ မိဘတွေအတွက်ပါ ဂုဏ်ယူပါတယ်။” ဟု ပြောသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ခြောက်ဘာသာဂုဏ်ထူးရရှိခဲ့သည့်အပြင် မြန်မာ တစ်နိုင်ငံလုံးတွင် အဆင့်(၆)ဖြင့် အောင်မြင်ခဲ့သည့် မဆုမြတ်နိုးဇော်က တစ်နေ့စာတစ်နေ့ကိုပဲ အဓိက ပိုင်အောင်လုပ်တယ်။ ကျန်တာကတော့ မေးခွန်းဟောင်းတွေလေ့လာပြီး ဆရာ၊ဆရာမတွေ သင်ကြား ပြသမှုနဲ့အတူ ကိုယ်တိုင်လည်း လေ့လာသင်ယူကြိုးစားခဲ့ရပါတယ်။ အခုလို တစ်နိုင်ငံလုံးအဆင့်(၆) ရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဆေးတက္ကသိုလ်တက်ဖို့ရည်မှန်းထားပါတယ်။ အနာဂတ်မှာ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ ဖေဖေနဲ့မေမေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းအားပေးကြတဲ့သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ ကိုယ်ရဲ့အဓိ ကရည်မှန်းချက်၊ ကိုယ့်ရဲ့ဦးတည်ချက်လမ်း မပျောက်စေဘဲနဲ့ ဆက်လက်ကြိုးစားကြ ဖို့ပြောချင်ပါတယ်” ဟု ပြောသည်။

 

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam. Org တွင် ယနေ့ နံနက် (၄)နာရီ အချိန်မှစတင်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားသည်။

 

သိပ္ပံဘာသာတွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ မနှင်းလဲ့ရည်ကလည်း “ဆရာ၊ ဆရာမတွေ သင်တဲ့စာကို တစ်နေ့စာတစ်နေ့သေချာလုပ်ခဲ့လို့ အခုလို အောင်မြင်ခဲ့တာပါ။

 

ဂုဏ်ထူးရဖို့မျှော်မှန်းမထားပေမယ့် အကောင်းဆုံးဖြေဆိုမယ်ဆိုပြီး ကြိုးစားခဲ့တယ်။ မေမေကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပြောတယ်။ ကျန်းမာရေးအတွက်လည်း အားဆေးတွေအပြင် အခြား လိုအပ်တာတွေလည်း ဖြည့်ဆည်းပေးတယ်။ အောင်စာရင်းမထွက်ခင် တစ်ညလုံးလည်း အိပ်မပျော်ခဲ့ ဘူး။ အောင်စာရင်းထွက်မယ့်အချိန်ကို စောင့်မျှော်ခဲ့ရတယ်။  ဒီမနက်(၄)နာရီမှာထပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ Website ကနေ အရင်ကြည့်တယ်။ သေချာအောင်လို့ ကျောင်းကိုလည်းသွားကြည့် တယ်။  အခုလို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်တော့ အရမ်းကိုပျော်ပြီး ထခုန်မိတယ်။ အမေကဆို ငိုတောင် ငိုတယ်။ သမီးက နိုင်ငံတော်ကိုအကျိုးပြုတဲ့ဆရာဝန် မကြီးဖြစ်ချင်တယ်။ ပထမဆုံးအနေနဲ့ သမီးရဲ့မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ သင်ကြားပြသပေးတဲ့ ဆရာ၊ ဆရာမတွကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

 

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးဇော်မိုးလွင်က “ပထမဆုံးပြောချင်တာက သမီးလေးက မြန်မာ တစ်နိုင်ငံလုံးမှာ အဆင့်(၆)၊ မန္တလေးတိုင်းမှာ အဆင့်(၅)နဲ့ အောင်မြင်တဲ့အတွက် အရမ်းကိုပျော်လည်း ပျော်တယ်။ ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ သမီးလေးခုလို ပေါက်မြောက် အောင်မြင်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွကို ကျေးဇူးတင်ပါတယ်။ သမီးလေးက ဆရာ၊ ဆရာမတွေ သင်ကြားပို့ချတဲ့အတိုင်း အချိန်ဇယားနဲ့သွားတယ်။ သမီးရဲ့ လိုအပ်ချက်တွေကိုလည်း လိုက်လံ ဖြည့်ဆည်းပေးခဲ့တယ်။ သမီးလေးကိုပြောတယ် ဘယ်လိုအခက်အခဲတွေပဲရှိရှိ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဖို့နဲ့ သမီးရဲ့နောက်မှာ ဖေဖေ၊ မေမေတို့ရှိတယ်ဆိုပြီး အမြဲအားပေးခဲ့တယ်” ဟုပြောသည်။

 

အလားတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှအသိပေးထုတ် ပြန်ကြေညာ သည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း ကြေညာ ပေးခဲ့သည်။

 

ထိုပြင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ မန္တလေးဗဟိုအကျဉ်းထောင် စာစစ်ဌာနမှလည်း ဝင်ရောက် ဖြေဆိုသူ (၂၉)ဦးရှိခဲ့ပြီး အောင်မြင်မှုအနေဖြင့် လေးဘာသာဂုဏ်ထူးရှင်(၂) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၃)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၄)ဦးတို့ဖြင့် ရာခိုင်နှုန်းပြည့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။   (သတင်းစဉ်)