နေပြည်တော် ဩဂုတ် ၂၁

 

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပညာရေးဝန်ထမ်း သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို  ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက “ဂုဏ်ပြုချီးမြှင့်ခြင်း” ဆိုသည်မှာ အများထက်သာလွန်သည့် ထူးချွန်ထက်မြက်မှုများ၊ ကြိုးစားအားထုတ်မှုများစသော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသူများကို အသိအမှတ်ပြုပြီး ခမ်းခမ်းနားနား ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာ တွင်လည်း ဂုဏ်ပြုထိုက်သူကို ချီးမြှောက်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း၊ “ထူးချွန်ထက်မြက်သူ” ဆိုသော ဂုဏ်ပုဒ်ကိုရရန် ရည်မှန်းချက်မြင့်မား၍ ကိုယ်တိုင်ကြိုးစားအားထုတ်လိုစိတ်ရှိရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာ၍ ပကတိအခြေအနေထက်သာလွန်အောင် ဆောင်ရွက်လိုစိတ်ရှိရ မည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ သည် အဆိုပါအရည်အချင်းများနှင့် ပြည့်စုံကြသူများဖြစ်၍ ယခုကဲ့သို့ဂုဏ်ပြုရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပညာရေး လုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း  ပြောကြားသည်။

 

ထို့နောက် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်း တေးသီချင်းဖြင့် ဖျော်ဖြေကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်သူများက “ဘက်စုံပညာရည်တို့လှမ်းချီတေးသရုပ်ဖော်ဖြင့် ဖျော်ဖြေကြပြီး ဆုရ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန် တေးသီချင်းဖြင့် ဖျော်ဖြေကြပြီး  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

 

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ပညာရေးဝန်ထမ်းသားသမီး (၂၂၄၅)ဦး‌ အောင်မြင်ခဲ့ပြီး (၆)ဘာသာ ဂုဏ်ထူးရှင်(၁၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆၄)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၁၉၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၂၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၅၀၂)ဦးနှင့် ရိုးရိုး အောင်မြင်သူ(၁၂၀၈)ဦးရှိပြီး ယနေ့ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၌ လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအပြင် သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူများ၏ သား/သမီး များကိုပါ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်း၊  ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)