၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ ဒီဇင်ဘာ ၂၆

 

၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဆောင်းရာသီတံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံးပြိုင်ပွဲဝင် အားကစားသမားများနှင့် နည်းပြများ၊ ရိုးရာခြင်းလုံးအားကစား ဝါသနာရှင် ပရိသတ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်လွင်မှ ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

အဆိုပါ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဆောင်းရာသီ တံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲများကို အမြင့်ဆုံးအဆင့်ဖြစ်သည့် (၁၀)ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကျင်းပလေ့ရှိသည့် (၆)ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲနှင့် အမျိုးသမီး (၄)ပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲအမျိုးအစား (၃)မျိုးသတ်မှတ်၍ ဒီဇင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) (သုဝဏ္ဏ)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ရိုးရာခြင်းလုံး ကလပ်အသင်းများအပြင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ တောင်ငူ၊ ပြည်၊ နတ္တလင်း၊ မုဒုံ၊ ဇီးကုန်း အစရှိသည့် မြို့များမှ ခြင်းကလပ်အသင်း စုစုပေါင်း (၂၁)သင်း ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)