မယ်ငီး

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော တူကီယဲသမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း သုံးဦးအနက် မည်သူမျှထောက်ခံဆန္ဒမဲ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိခြင်း မရှိသည့်အတွက် ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်သော လက်ရှိသမ္မတ Erdoğan နှင့် ၎င်း၏ အဓိကပြိုင်ဘက် Kemal Kilicdaroglu တို့သည် ၂၈-၅-၂၀၂၃ ရက်နေ့ တနင်္ဂနွေနေ့တွင် ဒုတိယအကျော့ရွေးကောက်ပွဲကို ထပ်မံ ယှဉ်ပြိုင်ခဲ့ကြသည်။

လက်ရှိသမ္မတ Recep Tayyip Erdoğan က ၅၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ ပြိုင်ဘက် Kemal Kilicdaroglu က ၄၇ ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် ပြောကြားသည့်မိန့်ခွန်းတွင် ယခုရွေးကောက်ပွဲသည် ၈၅ သန်းသော ပြည်သူများအနိုင်ရရှိသည့် ပွဲဖြစ်ကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်မျှ ရှုံးနိမ့်ခြင်းမရှိကြောင်း သမ္မတအာဒိုဂန်က ပြောကြားခဲ့သည်။ 

မဲပေးပိုင်ခွင့်ရှိသူ ၆၄ သန်းကျော်အနက် ပထမအကျော့ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ ရာခိုင်နှုန်း ၈၈ ဒသမ ၈၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဒုတိယ အကျော့ ရွေးကောက်ပွဲတွင်မူ မဲပေးသူရာခိုင်နှုန်း ၈၄ ဒသမ ၂၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာ ၄ ဒသမ ၆၂ ရာနိုင်နှုန်း လျော့ကျခဲ့သည်။

အနိုင်ရရှိခဲ့သည့်သမ္မတ Erdoğn အား မဲဆန္ဒရှင် ၂၇ ဒသမ ၇၃ သန်းတို့က ရွေးချယ်ခဲ့ကြပြီး Kilicd-aroglu ကိုမူ မဲဆန္ဒရှင် ၂၅ ဒသမ ၄၃ သန်းတို့က ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ပြည်တွင်းရွေးကောက်ပွဲရလဒ်

အာဒိုဂန်သည် စီရင်စု ၈၁ ခုအနက် ၅၂ ခုတွင် အနိုင်ရရှိခဲ့ပြီး ပထမအကျော့ ရွေးကောက်ပွဲ၌မူ စီရင်စု ၅၁ ခုတွင်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

Kilicdaroglu သည် ပထမအကျော့ ရွေးကောက်ပွဲမှာကဲ့သို့ပင် တူကီယဲနိုင်ငံ၏ အကြီးဆုံးမြို့ အစ္စတန်ဘူလ်မြို့နှင့် မြို့တော်အန်ကာတာ (Ankara) တို့တွင် ဆက်လက်အနိုင်ရရှိခဲ့သည်။ 

ပြည်တွင်းမဲပေးသူရာခိုင်နှုန်း ၈၅ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ပထမအကျော့ထက် ၃ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

နိုင်ငံပြင်ပရွေးကောက်ပွဲရလဒ်

နိုင်ငံရပ်ခြားရောက်ရှိနေသည့် မဲပေးပိုင်ခွင့်ရှိသူ တူကီယဲနိုင်ငံသား ၃ ဒသမ ၄ သန်းရှိရာ ယင်းတို့ အနက် မဲဆန္ဒရှင် ၁ ဒသမ ၇ သန်းတို့က မေလ ၂၀ ရက်မှ ၂၄ ရက်နေ့အတွင်း ကျင်းပပြုလုပ်သည့် ဒုတိယအကျော့ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသည်။

သမ္မတအာဒိုဂန်က ၅၉ ဒသမ ၄ ရာခိုင်နှုန်း၊ Kilicdaroglu က ၄၀ ဒသမ ၆ ရာခိုင်နှုန်း ထောက်ခံ ဆန္ဒမဲများရရှိခဲ့ကြသည်။

ရွေးကောက်ပွဲရလဒ်များအရ ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံ၊ အရှေ့အလယ်ပိုင်း တစ်လျှောက်နှင့် မြောက်အာဖရိကနိုင်ငံများ၌ နေထိုင်ကြသော တူကီယဲနိုင်ငံသားများသည် သမ္မတ အာဒိုဂန်အား တစ်ခဲနက် ဆန္ဒမဲပေးခဲ့ကြသည်ကို တွေ့ရသည်။ ဂျာမနီနိုင်ငံ၌ ၆၇ ရာခိုင်နှုန်း၊ လက်ဘနွန်နိုင်ငံ၌ ၉၅ ရာခိုင်နှုန်း၊ ဂျော်ဒန်နိုင်ငံ၌ ၉၀ ရာခိုင်နှုန်းနှင့် အီဂျစ်နိုင်ငံ၌ ၇၈ ရာခိုင်နှုန်းဖြင့် နိုင်ငံပြင်ပ မဲဆန္ဒရှင်အများအပြား၏ ထောက်ခံဆန္ဒမဲများရရှိခဲ့သည်။

ဥရောပဒေသအများစုနှင့် မြောက်အမေရိက နိုင်ငံများ၌မူ Kilicdaroglu မဲအသာရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပအရှေ့ပိုင်းနှင့် တောင်ပိုင်းအများစု၌ ၈၀ ရာခိုင်နှုန်းကျော်အထိ ထောက်ခံဆန္ဒမဲရရှိခဲ့သည်။

တူကီယဲနိုင်ငံသည် ဥရောပနှင့် အရှေ့အလယ် ပိုင်းဒေသများဆုံရာအရပ်တွင် တည်ရှိနေသည့် နိုင်ငံ ဖြစ်ပြီး နေတိုးအဖွဲ့၏ အာဏာဆုံလည်မှတ်အဖြစ် မှတ်ယူနိုင်ပေရာ တူယီကဲသမ္မတ ရွေးကောက်ပွဲသည် ယနေ့ကမ္ဘာတွင် အထူးဂရုပြုစောင့်ကြည့်ရမည့် နိုင်ငံရေးအားပြိုင်ပွဲတစ်ခု ဖြစ်ခဲ့သည်။ သမ္မတသက်တမ်း ငါးနှစ် ထပ်မံထမ်းဆောင်ခွင့် ရရှိခဲ့သည့် သမ္မတ Erdoğan အနေဖြင့် ၈၅ သန်း ကျော်သော တူကီယဲပြည်သူ ပြည်သားများအတွက် အနာဂတ်ဒီမိုကရေစီနိုင်ငံသို့ ဆောင်ကြဉ်းပေးသွားမည့် ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ရုံသာမက ဒေသတွင်းနိုင်ငံရေး အခြေအနေ အဆိုးအကောင်းကို ပုံဖော်ပေးနိုင်မည့်သူလည်း ဖြစ်ပေသည်။ 

ကမ္ဘာ့ဂျုံထုတ်လုပ်မှုအများဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ နှင့် စစ်ဖြစ်ပွားပြီးနောက် ဂျုံတင်ပို့မှုများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပင်လယ်နက်ဆိပ်ကမ်း၌ ပိတ်ဆို့ခံခဲ့ရသည်။ ထိုသို့သော အခြေအနေတွင် တစ်ကမ္ဘာလုံးစားနပ်ရိက္ခာအကျပ်အတည်း သက်သာစေရန် အတွက် တူကီယဲနိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ပင်လယ်နက်ဂျုံသဘောတူစာချုပ် (BSGI) ချုပ်ဆိုနိုင်ရေး အရေးပါသည့် အခန်းကဏ္ဍ၌ ဆောင်ရွက်လျက်ရှိရာ Erdoan သဘောထားသည် နိုင်ငံတကာအရေးတွင် တိုက်ရိုက်သက်ရောက်လျက် ရှိပေသည်။ ထို့ပြင် သမ္မတ Erdoğan သည် နေတိုးအဖွဲ့ဝင်ခေါင်းဆောင်များအနက် ရုရှားသမ္မတ ပူတင် နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ထားနိုင်သည့် ထူးခြားသည့် ခေါင်းဆောင်တစ်ဦးပင် ဖြစ်သည်။

ရီဆပ် တေးယစ် အာဒိုဂန် (Recep Tayyip Erdoğan)

သမ္မတ အာဒိုဂန်ကို ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် မွေးဖွားခဲ့သည်။ အလယ်အလတ်တန်းမိသားစု၌ ကြီးပြင်းခဲ့ပြီး Marmara တက္ကသိုလ်၌ စီးပွားရေးစီမံ ခန့်ခွဲမှုဘာသာရပ်ကို လေ့လာပညာသင်ကြားခဲ့ သည်။ ၁၉၇၀ အစောပိုင်းတွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး အစ္စလာမ်နိုင်ငံ‌ရေးအဖွဲ့အစည်း အသီးသီး၌ ပါဝင်ခဲ့သည်။ အစ္စတန်ဘူလ် မြို့တော်ဝန် အဖြစ် ၁၉၉၄ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ခန့်အပ်ခံခဲ့ ရပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများစွာ ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘာသာ ရေး သွေးထိုးလှုံ့ဆော်သည့် ကဗျာရွတ်ဖတ်မှုနှင့် စပ်လျဉ်း၍ ထောင် ၁၀ လ ကျခံခဲ့ရသည်။ အစ္စတန် ဘူလ် မြို့တော်ဝန်အဖြစ်မှလည်း နုတ်ထွက်ခဲ့ရသည်။ သို့သော် ထောင်ဒဏ် လေးလကျခံပြီးနောက် ၁၉၉၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

တရားမျှတရေးနှင့်တိုးတက်ရေးပါတီ (Justice and Development Party – AKP) တည်ထောင်ခြင်း

၂၀၀၁ ခုနှစ်တွင် တရားမျှတရေးနှင့် တိုးတက်‌‌‌ရေးပါတီ (AKP) ကို ပူးတွဲတည်ထောင်ခဲ့သည်။ ၂၀၀၂ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သည်။ သို့သော် ၁၉၉၈ ခုနှစ်တွင် ကျခံခဲ့ရသည့်ပြစ်မှုကြောင့် အာဒိုဂန်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်မရရှိဘဲ ဥပဒေကြောင်းအရ အဟန့်အတားဖြစ်နေပေသည်။ ၂၀၀၂ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခဲ့ပြီး အာဒိုဂန်အခက်အခဲအား ဖြေရှင်းပေးနိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ် မတ်လ ကြားဖြတ်ရွေးကောက်ပွဲတွင် အာဒိုဂန်အနိုင်ရရှိခဲ့ပြီး  ယင်းအချိန်က သမ္မတ Ahmet Necdet Sezer မှ အစိုးရသစ်ဖွဲ့ရန် ခွင့်ပြုပေးခဲ့သည်။ ၂၀၀၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKP) သည် ၂၀၀၂ ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ 

တူကီယဲဝန်ကြီးချုပ်၊ တူကီယဲသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်း
၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုများ၊ အစ္စလာမ်အခြေပြုမူဝါဒများ ချမှတ်နိုင်ခဲ့သည်။ ဝန်ကြီးချုပ် အာဒိုဂန် ဦးဆောင်မှု‌ အောက်တွင် စီးပွားရေးသိသိသာသာ ဖွံ့ဖြိုးတိုးတက် ခဲ့ပြီး ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

၂၀၁၄ ခုနှစ်အရောက်တွင်မူ တူကီယဲနိုင်ငံ၏ ပထမဆုံးသော တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း  နည်းလမ်းဖြင့်  တင်မြှောက်ခံခဲ့ရသည့် ၁၂ ယောက်မြောက် သမ္မတဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ၌လည်း အနိုင်ရရှိခဲ့သည်။ ယခု ကျင်းပပြီးစီးခဲ့သည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ ဆက်လက်အနိုင်ရရှိခြင်းသည် သမ္မတအာဒိုဂန် အား သက်တမ်း ၃ ဆက် တာဝန်ထမ်းဆောင်ရမည့် သမိုင်းမှတ်တိုင် စိုက်ထူစေခဲ့ခြင်းဖြစ်သည်။

ဘာသာရေးသက်ဝင်ယုံကြည်မှု

ရှေးရိုးစွဲအယူဝါဒနှင့် ဘာသာရေးသက်ဝင် ယုံကြည်မှုရှိသူ တစ်ယောက်ဖြစ်သည်။ တူကီယဲ လူ့အဖွဲ့အစည်းတွင် အစ္စလာမ်ဘာသာ ပိုမိုအရေးပါလာစေရန် ထောက်ပံ့အားပေးခဲ့ပြီး ရှေးရိုးစွဲမူဝါဒများကို  လမ်းကြောင်းဖော်ဆောင်ပေးခဲ့သည်။ ထို့အတွက် ဝေဖန်ထောက်ပြမှု အများအပြား ကြုံတွေ့ခဲ့ရသည်။

သက်တမ်းတစ်လျှောက် အောင်မြင်မှုများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
အာဒိုဂန် ‌ခေါင်းဆောင်မှုအောက်တွင် စီးပွားရေး သိသိသာသာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ လွတ်လပ်ပြီး ခေတ်မီသည့် စီးပွားရေးစနစ် ဖော်ဆောင်ကာ စီးပွားရေးပြုပြင်ပြောင်းလဲမှုအမျိုးမျိုး ဆောင်ရွက်ခဲ့သည်။ GDP အညွှန်းကိန်း မြန်မြန်ဆန်ဆန် တိုးတက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်း အများ အပြားမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လာခဲ့ကြ သည်။ လေယာဉ်ကွင်းအသစ်များ ဖွင့်လှစ်ခြင်း၊ အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ခြင်းနှင့် တံတားသစ်များဆောက်လုပ်ခြင်း စသည့်အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖော်ဆောင်ပေးနိုင်ခဲ့သည်။

ဒေသတွင်း ဩဇာလွှမ်းမိုးမှု

အာဒိုဂန်သည် ဒေသတွင်း တူကီယဲနိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို  တိုးမြှင့်ရန်ရည်ရွယ်သည့် တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ခဲ့သည်။ တူကီယဲနိုင်ငံကို အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် ကြိုးပမ်းခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ခိုင်မာသည့်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည့်အပြင် အရှေ့အလယ်ပိုင်းနိုင်ငံ၊ အာဖရိကနိုင်ငံများနှင့်လည်း ဆက်ဆံရေးခိုင်မာစေခဲ့သည်။ သံတမန်ပိုင်းနှင့် စီးပွားရေးပိုင်းတွင် စနစ်တကျကြိုးပမ်းဆောင်ရွက်ခဲ့မှုများဖြင့် တူကီယဲသည်ဒေသတွင်း နိုင်ငံများအကြား ၎င်း၏ဩဇာအာဏာကို ချဲ့ထွင်နိုင်ခဲ့သည်။ 

လူမှုထောက်ပံ့ရေး ပြုပြင်ပြောင်းလဲမှု

အာဒိုဂန် အစိုးရသည် တူကီယဲလူမျိုးများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ လူမှုဖူလုံရေးအစီအမံ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည်။  လူတိုင်းအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှု  စနစ်တစ်ရပ် တည်ထောင်ခဲ့ခြင်း၊ လူမှုထောက်ပံ့ရေးအစီအစဉ်များ တိုးချဲ့ခဲ့ခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအမံများ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပညာရည် တိုးတက်မြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ခဲ့သည်။ လူမှုစီးပွား တန်းတူ ညီမျှမှုမရှိခြင်းကို လျှော့ချ၍ နိုင်ငံသူနိုင်ငံသားများ ကျန်းမာချမ်းသာစွာ အသက်ရှင် နေထိုင်နိုင်ရေးကို ဦးတည်ချက်ထား ဆောင်ရွက်ခဲ့သည်။

အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှု

နိုင်ငံတစ်ဝန်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသည့်စီမံကိန်းများ ချမှတ် ဆောင်ရွက်ခဲ့သည်။ တူကီယဲလူမျိုးများ၏ နေထိုင်မှု အဆင့်အတန်း  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေး  ကောင်းမွန်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ဆောင်ရွက်ခဲ့သည်။ သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှု များမှာ Bosporus ရေလက်ကြားအား ဖြတ်သန်း၍ အာရှနှင့် ဥရောပသို့ ဆက်သွယ်ပေးသည့် Marma-ray မီးရထားလမ်းဖောက်လုပ်ခဲ့မှု၊ အစ္စတန်ဘူလ် မက်ထရိုစနစ် ချဲ့ထွင်နိုင်ခဲ့မှု၊ ဆည်များ၊ စွမ်းအင်စက်ရုံများ တည်ဆောက်နိုင်ခဲ့မှု၊ မြို့တော်များနှင့် အိမ်ရာအသစ်များ ဖော်ထုတ်နိုင်ခဲ့မှုတို့ပင် ဖြစ်သည်။ 

နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုနှင့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ခဲ့မှု

အာဒိုဂန်၏ AKP ပါတီသည် စတင်တည်ထောင် ချိန်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲများ၊ လွှတ်တော်ရွေးကောက်ပွဲများ အားလုံး၌ အနိုင်ရရှိခဲ့ပြီး တူကီယဲနိုင်ငံတွင် အဓိကကျသည့် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရပ်တည် လျက်ရှိသည်။  ရွေးကောက်ပွဲများကိုလည်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး နိုင်ငံရေးတည်ငြိမ် မှုရှိခြင်းနှင့် စဉ်ဆက်မပြတ်သွားသည့် အုပ်ချုပ်ရေး စနစ်ကို ဖော်ဆောင်နိုင်ခဲ့ကာ အာဒိုဂန်အစိုးရ အနေဖြင့် ရေတိုမဟုတ်သည့် ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့သည်။ အစိုးရတစ်ခုတည်းက နှစ်ပေါင်းများစွာ အုပ်ချုပ်ခွင့်ရရှိခဲ့သည့်အတွက်  ယင်းအစိုးရ အကောင်အထည်ဖော်လိုသည့်  မူဝါဒများကို ခါးဆက်ပြတ်တောက်သွားခြင်းမရှိဘဲ ဆောင်ရွက် နိုင်ခဲ့သည်။

အငြင်းပွားမှုများနှင့်စိန်ခေါ်မှုများ

တူကီယဲနိုင်ငံအား ဒေသတွင်း ဩဇာရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ တည်ဆောက်ပေးခဲ့သော သမ္မတ အာဒိုဂန်အား နိုင်ငံရေးလေ့လာသုံးသပ်သူ များက ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းကို အငြင်းပွားမှုများ၊ စိန်ခေါ်မှုများဖြင့် အမှတ်အသား ပြုကြသည်။ ၎င်း၏အစိုးရအဖွဲ့သည် အချိန်ကြာမြင့် စွာ အုပ်ချုပ်ခွင့်ရရှိခဲ့သည့်အတွက် အာဏာရှင် လမ်းကြောင်းသို့ တဖြည်းဖြည်း လျှောက်လှမ်း နေသည်ဟု စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ဆန့်ကျင်ဆန္ဒပြမှုများ အများအပြား ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် လူနည်းစုအုပ်စုများ အပေါ်ဆက်ဆံမှု စသည်တို့နှင့်စပ်လျဉ်း၍လည်း ကန့်သတ်ချက်များရှိသည်ဟု ထောက်ပြမှုများ ကြုံ တွေ့ခဲ့ရသည်။

ထို့ပြင်  အာဒိုဂန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့်စပ်လျဉ်း၍လည်း မှန်ကန်မှု ရှိ မရှိ ဝေဖန် ထောက်ပြလာခဲ့ကြသည်။ အထူးသဖြင့် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေး၊ ဆီးရီးယားပြည်တွင်းစစ် ကိုင်တွယ်ဆောင်ရွက်မှု၊ ဒေသတွင်းနိုင်ငံများနှင့် သဘောထားတင်းမာလာမှု စသည်တို့အပေါ်တွင်လည်း ဝေဖန်မှုများရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ကြောင့် လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရပြီး ထိခိုက်ဆုံးရှုံးမှု များပြားခဲ့သော တူကီယဲနိုင်ငံတွင် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ဆီးရီးယားဒုက္ခသည်ပြဿနာများ၊ တင်းကျပ်သည့် နိုင်ငံခြားရေးမူဝါဒများနှင့် စပ်လျဉ်း ၍ ဝေဖန်ထိုးနှက်မှုများ ရင်ဆိုင်ကြုံတွေ့နေရသည့် သမ္မတ အာဒိုဂန်အတွက် ယခုကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် အကြီးမားဆုံး စမ်းသပ်စိန်ခေါ်မှုကြီး ဖြစ်ခဲ့ပေတော့သည်။

ရည်ညွှန်းကိုးကား
    -    https://www.aljazeera.com/news/ 2023/ 5/28/follow-the-vote-turkey-election-run-off-results-2023#:~:text= According% 20to%20Anadolu%20Agency%2C%2088.84,performed%20in%20the%20first%20round.
-https://news-eleven.com/article/245574
-https://npnewsmm.com/news/ 6474363 86fcf313d2e288b1e
-https://www.britannica.com/biography/Recep-Tayyip-Erdogan
-https://www.bbc.com/news/world-europe-13746679