နေပြည်တော် နိုဝင်ဘာ ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပြန်လည်ဆန်းစစ်ရန် အတွက် ဗဟိုအဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီး ဌာနတို့ ဟန်ချက်ညီညီပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေး အားကြိုးမာန်တက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်မှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ အလွန်တွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ (ဥပမာ- ပိုလီယိုရောဂါ၊ ဝက်သက်ရောဂါ) နှင့်ပတ်သက်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အားစိုက်ဆောင်ရွက်ခဲ့သဖြင့် အဆိုပါရောဂါများ ကပ်ရောဂါ အသွင်မဖြစ်ပွားခဲ့ဘဲ ထူးခြားသော စွမ်းဆောင်နိုင်မှုတစ်ရပ် ဖြစ်ပါကြောင်း။
သဘာဝဘေးအန္တရာယ် (အထူးသဖြင့် ရာဂီမုန်တိုင်း)ကြောင့် ရေကြီးရေလျှံဖြစ်ပွား သည့်ဒေသများတွင် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို ထိရောက်စွာအားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကဲ့သို့သော ကူးစက်ရောဂါများမဖြစ်ပွားအောင် ကြိုးပမ်းနိုင်ခဲ့ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်အောင်မြင်လာသည်နှင့်အမျှ ဆေးရုံဆေးခန်းများတွင် ကုသပေးရ မှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကျေးလက်ကျန်းမာရေးဌာနများ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေကို ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးလက်နေပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးရန် ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲဒုတိယပိုင်း အစီအစဉ်ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ကျင်းပရာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြင့်မြင့်သန်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများက (၂၀၂၃)ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အားသာချက်၊ အားနည်းချက်၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းလျာထားမှုများကို ဆွေးနွေးကြသည်။
ဆန်းစစ်ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဆွေးနွေးပွဲတတိယနေ့တွင် (၂၀၂၃) ခုနှစ်အတွင်း လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို ဂုဏ်ပြုဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


