နေပြည်တော် ဖေဖော်ဝါရီ ၃

(၂၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးသု တေသနဦးစီးဌာန၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ဆရာ ဆရာမများ၊ ဒက္ခိဏသိရိမြို့နယ်မှ တောင်သူ လယ်သမားများ တက်ရောက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူနှင့် ပညာရှင်များသည် ဆရာတပည့် မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်များအဖြစ် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် လယ်ယာကဏ္ဍကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လယ်ယာကဏ္ဍကို အသွင်ကူးပြောင်းဆောင်ရွက်ရေးသည် ပဓာနကျကြောင်း၊  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်သည့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြရန်လို ကြောင်း၊ တောင်သူကြီးများသည် မိမိတို့စိုက်ခင်းများကို ဂရုတစိုက်စောင့်ရှောက်မှသာ ပန်းတိုင် အထွက်နှုန်းရှိနိုင်မည်ဖြစ်ပြီး တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့်အတူ လူမှုစီးပွားဘဝများလည်း တိုးတက်လာကြမည်ဖြစ်ကြောင် ပြောကြားသည်။

ထို့နောက် ဒက္ခိဏသိရိမြို့နယ် ထန်းတပင်ကျေးရွာမှ တောင်သူ ဦးမောင်လွင် က စူပါနှံ ကောက်စပါးကို ပျိုးထောင်စိုက်ပျိုးပြီး တစ်ဧကလျှင်တင်း(၁၃၀)ထွက်ရှိမှု အတွေ့အကြုံများနှင့် ပတ်သက်၍လည်းကောင်း၊ တောင်သူ ဦးစန်းဝင်းက အစေ့ချစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ တောင်သူ ဦးဝင်းလှိုင် က ကြဲပက်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အားနည်းချက်အားသာချက် အတွေ့အကြုံများကို လည်းကောင်း မျှဝေဆွေးနွေးကြသည်။ 

ဆက်လက်၍ ဒက္ခိဏသိရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်နိုင် က စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များဖြည့်စွက် ဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေး အဏုဇီဝ ဓါတ်ခွဲခန်းနှင့် အပင်ရောဂါသုတေသန ဓါတ်ခွဲခန်းများ ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အနုဇီဝ ဓာတ်ခွဲခန်းများတွင် ရိုင်ဇိုဘီယမ် ပဲမြစ်ဖုမြေဩဇာမွေးမြူထုတ်လုပ်ရေးနှင့် သဘာဝမြေဩဇာ ပြုလုပ်ရာတွင် ဆွေးမြေ့မှုကိုဖြစ်ပေါ်စေသည့် ထရိုင်ခိုဒါးမားမှိုမွေးမြူရေးလုပ်ငန်း၊ မွေးမြူရေးပညာဌာန ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများ ထုတ်လုပ်သည့် အစာတောင့်လုပ်ငန်းသုတေသနဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်