ရန်ကုန် စက်တင်ဘာ၁၉
 
၂၀၂၄-၂၀၂၅ ခုနှစ်ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ရန် ငြမ်းစေတီတည်ဆောက်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၅ နာရီ တွင် စေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

အခမ်းအနားများသို့ ရွှေတိဂုံ‌စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ၊ ပါဝင်ကုသိုလ်ယူဆောင်ရွက်ကြမည့် ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ငြမ်းစေတီတည်ဆောက်မည့် လုပ်သားများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးတို့က နတ်ဒေဝါများအား ကန်တော့ပွဲ၊ ထီး၊ တံခွန်၊ ကုက္ကားများဖြင့် ပင့်ဖိတ်ပူဇော်၍ အမွှေးနံ့သာများပက်ဖြန်းကာ ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း လုပ်ငန်းကာလတစ်လျှောက် ဘေးဥပ္ပါဒ်အန္တရာယ်များကင်းဝေးပါစေကြောင်း တိုင်တည်ဆုတောင်းကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများ ရွတ်ပွားတော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် အဂ္ဂမဟာဂန္ထဝါ စကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားပြီးတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငြမ်းစေတီတည်ဆောက်ရာတွင် အသုံးပြုမည့် ငြမ်းဝါး၊ အုန်းဆံ ကြိုးနှင့် ပစ္စည်းကိရိယာများအား အမွှေးနံ့သာရည်များပက်ဖြန်း၍ ဆုတောင်း မေတ္တာပို့ သပေးကြသည်။
ဇော်မင်းလတ်(MNA)