နေပြည်တော် နိုဝင်ဘာ ၁၉

 

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပရေးဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၂) ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမျိုးသားရေး အနှစ်သာရပြည့်ဝစွာဖြင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြီးစီးမှု အစီရင်ခံစာကို ကောက်နုတ်တင်ပြပြီး အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ စီမံချက်ကိုတင်ပြ၍ ဆုံးဖြတ်ရန်ကျန်ရှိသည့် အချက်များကိုတင်ပြရာ ဗဟိုကော်မတီဝင်များ၊ အစည်းအဝေးတက်ရောက်လာသူများက ဆွေးနွေးဆုံးဖြတ် အတည်ပြုကြသည်။

 

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုတင်ပြကြပြီး အမျိုးသားအောင်ပွဲနေ့ အကြိုလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာကျင်းပသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးကြကာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်