နေပြည်တော်၊ ဖေဖော်ဝါရီ ၄
 ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် တက်ရောက် ပါဝင်ဆင်နွှဲမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အားကစားလေ့ကျင့်ရေးစခန်း၊ စားရိပ်သာ၌ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
 အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။
 ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများကို အပြန်အလှန် ဖလှယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ဖိတ်ကြားရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးတို့တွင် မိမိတို့၏ မျိုးနွယ်အလိုက်၊ လူမျိုးစုအလိုက် အလှကိုယ်စီရှိကြောင်း၊ ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲ၍ ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်ပါ ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကျစ်လစ်ခိုင်မာသည့် ညီညွတ်သောစုစည်း အင်အားဖြင့် နိုင်ငံတော်ကြီး ထာဝစဉ်တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီဖြင့် တပြေးညီဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်၊  တောင်ပေါ်မြေပြန့်မခွဲခြားဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ခံစားသင့်ခံစားထိုက်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုလည်း ဦးစားပေး ပုံဖော်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန်တို့အတွက်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ကြိုဆို နှုတ်ဆက်စကားပြောကြားသည်။
 ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည်  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်