ဗီယင်ကျန်း ဇန်နဝါရီ ၂၄
၂၀၂၄ ခုနှစ် အာဆီယံ ခရီးသွားဖိုရမ်ကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
အရည်အသွေးနှင့် တာဝန်သိခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲသော အာဆီယံအနာဂတ်” ခေါင်းစဉ်ဖြင့် အဆိုပါဖိုရမ်သည် နိုင်ငံတကာခရီးသွား များကို ပိုမိုဆွဲဆောင်ရန်အတွက် အာဆီယံ ခရီးသွားလုပ်ငန်းထုတ်ကုန်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်မှန်းထားကြောင်း သိရသည်။
ဒေသတွင်း ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် ပြည်သူများအတွက် ပိုမိုအထောက်အကူ ဖြစ်စေရန်လည်း မျှော်လင့်ကြောင်း လာအိုသတင်း အေဂျင်စီ ကေပီအယ်လ်က ဇန်နဝါရီ ၂၃ ရက်တွင် သတင်းဖော်ပြသည်။
တစ်ချိန်တည်းမှာပင် လာအိုနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံတကာခရီးသွားများကို ယခင်နှစ်များထက် ပိုမိုဆွဲဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။
လာအိုအစိုးရသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧည့်သည် ၂ ဒသမ ၇ သန်းကို ဆွဲဆောင်နိုင် ရန်နှင့် အမေရိကန်ဒေါ်လာ ၄၀၁ သန်းခန့်ရရှိနိုင်ရန်လည်း မျှော်လင့်ထားသည်။
အလားတူ ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် ၂ ဒသမ ၉ သန်းအထိ မျှော်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၄၃၄ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။
အဆိုပါခရီးသွားလာရေးဆိုင်ရာ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် လာအိုအစိုးရသည် အခြေခံအဆောက်အအုံများ မြှင့်တင်ရေး၊ ခရီးသွားထုတ်ကုန်များ အရည်အသွေးမြှင့်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် အခြားအာဆီယံဆက်စပ် အစည်းအဝေးများအပါအဝင် အရေးကြီးသောပွဲများ ကို ကျင်းပမည်ဖြစ်သည်။ အဆိုပါအစည်းအဝေးများကျင်းပခြင်းနှင့်အတူ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ တိုးပွားလာစေရန်နှင့် ၎င်း၏ ခရီးသွားလုပ်ငန်းကို ပိုမိုမြင့်မားလာစေရန် မျှော်မှန်း ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်