နေပြည်တော် အောက်တိုဘာ ၂၄

 

၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူးများနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်သည်။

 

ယင်းနောက် အခမ်းအနားကိုစတင်ကျင်းပရာ အိန္ဒိယနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (India Technical and Economic Cooperation) ITEC ဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဦးစွာရှင်းလင်းပြောကြားပြီး ယခုကျင်းပသည့် အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခြင်းသည် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်းကို ဖော်ပြခြင်းပင်ဖြစ်ပါကြောင်း၊ မကြာမီက မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော်ကို ကျင်းပခဲ့ပြီး လာမည့်ရက်သတ္တပတ်အတွင်း၌လည်း မိမိတို့အိန္ဒိယနိုင်ငံ၌ ဒီဝါလီပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း၊ ထိုပွဲတော်နှစ်ရပ်လုံးမှာ မီးထွန်းပွဲတော်များဖြစ်ပြီး တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်သကဲ့သို့ အိန္ဒိယနှင့် မြန်မာလူမျိုးများ အတူတကွ ပေါင်းစည်းထားသည့် ဆွေမျိုးရင်းချာပမာ ရင်းနှီးသောဆက်ဆံရေး၏ ရောင်ပြန်ဟပ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးထွန်းပွဲတော်များ၏ ဖြစ်တည်မှုစိတ်ဓာတ်ဖြင့်  သမိုင်းဝင်ပြီး အားရဖွယ်ကောင်းသည့် ယခု အခမ်းအနားသည် မိမိတို့၏ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေကာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ဆက်လက်ထွန်းလင်း ပါစေကြောင်း၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ယနေ့အခမ်းအနားတွင် မိမိအနေဖြင့် အထူးဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကား ပြောကြားရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အိန္ဒိယနည်းပညာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ အသိပညာမျှဝေမှု၊ မိတ်ဖက်ထူထောင်မှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုရရှိရန်အတွက် လူစွမ်းအားအရင်းအမြစ် ပျိုးထောင်မှုမှတစ်ဆင့် ဆောင်ရွက်မှုတို့အပေါ် ထားရှိသည့်သန္နိဋ္ဌာန်ကို ညွှန်ပြသည့် အမှတ်တံဆိပ်တစ်ခုအဖြစ် ကာလရှည်ကြာစွာ ရပ်တည်ဆောင်ရွက်နေသည့် အစီအစဉ်ကောင်းတစ်ခု ဖြစ်သည်ကို ပြောကြားလိုကြောင်း။

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံအကြား အလွန်ထူးခြားသည့် ဆက်ဆံရေးနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်ရေး ရရှိသည့်အချိန်မှစပြီး ထူထောင်ထားရှိနိုင်ခဲ့သည်ကို အားရဝမ်းမြောက်ဖွယ်တွေ့ရှိရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယအရှေ့မြောက်ဘက်တွင် ကုန်းတွင်းနယ်နိမိတ် ထိစပ်နေသကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် ရေနယ်နိမိတ်ပါထိစပ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်း ဦးစားပေးဝါဒ (Neighbourhood First Policy)”နှင့် “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ (Act East Policy)” တို့၏ ဆုံမှတ်တွင်တည်ရှိနေသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်းတွင် အင်ဒို-ပစိဖိတ်ဒေသတွင်း အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့အကြား အချက်အခြာကျသည့်နေရာတွင် တည်ရှိနေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးခြင်းကြောင့် အိန္ဒိယနိုင်ငံအတွက် အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း။

 

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် စတင်ထူထောင်မှု၏ နှစ် (၆၀) ပြည့် အခါသမယ အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းနှင့်အတူ မိမိအနေဖြင့် အစီအစဉ်နှင့် ပတ်သက်သည့် အချက်အချို့ကို ဖော်ပြပြောကြားလိုကြောင်း၊ ယခုအစီအစဉ်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၅  ရက်တွင်စတင်ခဲ့ရာမှ ယခုအခါ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများကို ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀) တို့က ဝန်ထမ်းပေါင်း နှစ်သိန်းကျော်တို့ကို လေ့ကျင့်ပို့ချပေးနိုင်ခဲ့ပြီဟု သိရကြောင်း၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းရည်နှင့်ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက်လည်း အရေးပါသည့် အစီအစဉ် တစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ကဏ္ဍမျိုးစုံမှ ကျွမ်းကျင် ဝန်ထမ်းများ အတွက် အကျိုးများစွာဖြစ်ထွန်းစေခဲ့ပြီး လေ့ကျင့်ရေးသင်တန်းများကိုလည်း ပို့ချပေးနိုင်ခဲ့ကြောင်း။

 

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ ဘာသာရပ်အလိုက် ကာလတို၊ ကာလရှည်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်သင်တန်းများနှင့် သုတေသနအစီအစဉ်များ များစွာ စီစဉ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ပညာသင်ဆု ၉၀၀ ကျော် ကမ်းလှမ်းခဲ့သည်ဟု သိရှိရသည့်အတွက်လည်း အိန္ဒိယအစိုးရနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုကြောင်း၊ ထို့ပြင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ မြန်မာနိုင်ငံ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဝန်ထမ်း‌များအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင် တန်းများကို ယခင်ကပို့ချပေးခဲ့သည်ကိုလည်း သိရှိရကြောင်း။  

 

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ ဖွင့်လှစ်ပို့ချသည့် သင်တန်းများကို  တက်ရောက်ပြီးမြောက် အောင်မြင်ခဲ့ကြသည့် မိမိတို့၏ ပြည်သူ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်တပ်တစ်အား အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ယခုအခါ အဆင့်မြင့် တာဝန်များကို ထမ်းဆောင်နေသူများရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့ တတ်ကျွမ်းမှတ်သားလာသည့် ကျွမ်းကျင်မှုနှင့် အသိပညာများနှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် တီထွင်ကြံဆမှုများနှင့် သုတေသနလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံတော်၏ရေရှည်ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများအတွက် အထောက်အပံ့များစွာရရှိပြီး အကျိုးများစွာရှိသည်ကို ပြောကြားလိုကြောင်း၊ ထို့ပြင် မိမိတို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် နည်းပညာပူးပေါင်းဆောင်ရွက်မှုများမှာ သာမက အခြားကဏ္ဍများတွင်လည်း တိုးတက်လျက်ရှိပြီး မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးအတွက် အကျိုးပြုလျက်ရှိကြောင်း။

 

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်းကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၅၀ ဒသမ ၁၈၁ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှု စာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် ၁၁ တွင် ရှိနေကြောင်း။

 

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း၊ ယခုအိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန် လေးစားမှုနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက် မြဲမြံသည့် အုတ်မြစ်သဖွယ် လမ်းစဖော် မြှင့်တင်ပေးခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း။

 

အခွင့်အခါကြုံခိုက်တွင် ပြောကြားလိုသည်မှာ ရာဂီတိုင်ဖွန်း မုန်တိုင်း၏ ဆိုးရွားသည့် သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် ဒေသများက ပြည်သူများအတွက် အိန္ဒိယအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများနှင့် ကယ်ဆယ်ရေးအထောက်အပံ့များကို အလျှင်အမြန်ဆုံး လှူဒါန်းပေးခဲ့သည့်အတွက် များစွာကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ အိန္ဒိယနိုင်ငံသည် တကယ့်မိတ်ဆွေကောင်းအဖြစ် အရေးပေါ်အခြေအနေတွင် ကူညီပေးခြင်းသည် ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းပီသမှုကို ထင်ဟပ်စေကြောင်း၊ အကယ်၍ မိမိတို့အနေဖြင့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများနှင့် ကြိုတင်သတိပေးစနစ်တွင် အသုံးပြုနိုင်မည့် ပထဝီ သတင်းအချက်အလက်နှင့် အဝေးအာရုံခံစနစ် (Geographic Information (GIS) and remote sensing) စသည့် နည်းပညာများ ဆိုင်ရာသင်တန်းများ တက်ရောက် လေ့လာပံ့ပိုးမှုများ ရရှိထားခဲ့မည်ဆိုပါက ပျက်ဆီးဆုံးရှုံးမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South-South cooperation) ဆိုသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် အင်အားစုဖြစ်သည်ဟု ရှုမြင်ကြောင်း။

 

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အောင်မြင်မှုကို ဂုဏ်ပြုသည့် ယနေ့အစီအစဉ်မှသည် နောင်လာမည့်နှစ်များတွင် ပိုမိုကြီးမားသော အောင်မြင်မှုများ ရရှိပါစေကြောင်းကို ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ နှစ်နိုင်ငံအပြန်အလှန် လေးစားမှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် တူညီတဲ့မျှော်မှန်းချက်များကို အခြေပြုပြီး မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်ဆက်ဆံ ဆောင်ရွက်ရေး တို့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ခိုင်မြဲလာမည်ဟု ယုံကြည်ထားပါကြောင်းဖြင့် ပြောကြားသည်။

 

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် (Quick Impact Projects-QIPs) အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဒီဂျစ်တယ်မှုခင်းသိပ္ပံ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံချက်၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ ပေးခြင်းစီမံချက်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှု ကြုံတွေ့နေရသည့် ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက်ရေ ထောက်ပံ့ရေးစီမံချက်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံချက်၊ မြန်မာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများဖြင့် နှေးကွေးသော Pyrolysis ပြုလုပ်ပြီး ကတ္တရာကင်းစင်ပြီး ခြောက်သွေ့သော ဓာတ်ငွေ့အမျိုးအစား ရေပလက်စတစ် Pyrolysis ဖြစ်စဉ်များမှရရှိသော လောင်စာများအား ပေါင်းစပ်သုံးစွဲခြင်းဖြစ်စဉ်အား စမ်းသပ်လေ့လာခြင်းစီမံချက် စသည့်နားလည်မှုစာချွန်လွှာများကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီးအကဲတို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur တို့အား သက်သေထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရှေ့မှောက်တွင်လဲလှယ်ကြသည်။  

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆွာမိ ဝိဝေခနန္ဒာ ယဉ်ကျေးမှု စင်တာ (Swami Vivekananda Cultural Centre – SVCC) မှ ကျောင်းသား၊ ကျောင်းသူများ၊ Ramayana အကအဖွဲ့တို့က အိန္ဒိယယဉ်ကျေးမှု အကအလှများ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက Ramayana အက၊ မြန်မာ့ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။   

 

 

ယင်းနောက် အိန္ဒိယနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC သင်တန်းသားဟောင်းများက အတွေ့အကြုံများ မျှဝေရှင်းလင်း ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ်(၆၀)ပြည့်အထိမ်းအမှတ်အဖြစ် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ်(၆၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်