နေပြည်တော် ဩဂုတ် ၃၀
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့ မွန်းလွဲပိုင်းက ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဝန်ကြီးရုံးအသင်းနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ဖူဆယ်ပြိုင်ပွဲကျင်းပရခြင်းသည် မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ဝန်ထမ်းများအချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ်ပိုမိုထွန်းကား ပြန့်ပွားစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု ရှိစေရေး အတွက် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယခုဖူဆယ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၄)ခုရှိ ပြိုင်ပွဲဝင်အသင်း (၇)သင်းတို့မှ အားကစားသမားဝန်ထမ်းများက အားကစားစိတ်ဓာတ်ကို အရင်းခံ၍ တရားသောယှဉ်ပြိုင်ခြင်းဖြင့် စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြမှုကို အလွန်ပင် ဝမ်းမြောက်မိပါကြောင်းနှင့် အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေးဖြစ်မြောက်အောင် တတ်အား သရွေ့ တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့် နိုင်ငံ့ဝန်ထမ်း အားကစားများအနေဖြင့် ဝန်ကြီးဌာနအဆင့် ပြိုင်ပွဲများမှတစ်ဆင့်နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမား ဖြစ်ရန် ဆက်လက်ကြိုးစား၍ နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်သွားကြရန် ပြောကြား သည်။
ထို့နောက် ပြိုင်ပွဲတွင် တတိယဆုရရှိသည့်အသင်းကို လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ဒုတိယဆုရရှိသည့်အသင်းကို အမြဲတမ်းအတွင်းဝန်က လည်းကောင်း ပထမဆုရရှိသည့် အသင်းကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


