ဝါရှင်တန် နိုဝင်ဘာ ၁၇
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု တရားဝင်ကြေညာခဲ့သည်။ ဖလော်ရီဒါရှိ ၎င်းပိုင်ဆိုင်သည့်အပန်းဖြေစခန်း၌ နိုဝင်ဘာ ၁၅ ရက်က မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံကို နောက်တစ်ကြိမ် ခမ်းနားကြီးကျယ်သည့်နိုင်ငံအဖြစ် ပြုလုပ်ရန် အမေရိကန်သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များ ထွက်ပေါ်လာချိန်နှင့်တိုက်ဆိုင်စွာ ဒေါ်နယ်ထရမ့်က ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်သူများက ပြောသည်။ အက်ဖ်ဘီအိုင်မှ ထရမ့်ကိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရာ ယင်းအပေါ် အာရုံစိုက်မှုများရှောင်ရှားရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း အချို့ကသုံးသပ်ကြသည်။
အက်ဖ်ဘီအိုင်အေးဂျင့်များသည် ထရမ့်၏ နေအိမ်တွင် အထောက်အထား အချက်အလက်များကို ရှာဖွေကြသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မျှော်မှန်းထားသလောက် အောင်မြင်မှုမရရှိသည့်အပေါ် တာဝန်ယူရန် ထရမ့်ကို ရီပတ်ဘလီကင်အချို့က တောင်းဆိုထားကြသည်။
အင်န်အိတ်ချ်ကေ