နေပြည်တော် ဇွန် ၂၉
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပသည်။
ဉီးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဒီမိုကရေစီနှင့် ဖယ်ဒရယ်ကို အခြေခံသည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း၊ အမျိုးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော်ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့အပါအဝင် အရေးပါသောကဏ္ဍများမှ ဘက်စုံပါဝင်ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ် တားဆီးရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီးများ၏ ဦးဆောင်မှုများတိုးမြှင့်လာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားသည် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု တစ်ခုဖြစ်ပါကြောင်း၊ စာတမ်းဖတ်ကြားခြင်းကြောင့် ဖတ်ကြားသူ၏ နှစ်ပေါင်းများစွာ လေ့လာဆည်းပူးခဲ့သော အတွေ့အကြုံကောင်းများ၏ အဓိကကျသောအချက်များကို သိရှိနားလည်နိုင်မည်ကြောင်း၊ စာတမ်းဖတ်ခြင်းသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါသော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ပညာရပ်နယ်ပယ်အလိုက် စာတမ်းဖတ်ပွဲများကို ဆက်လက်ကျင်းပသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်၊ ပါမောက္ခဒေါက်တာခင်ဆွေမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက “ရာသီဥတုပြောင်းလဲမှု ၏သက်ရောက်မှုတွင် အမျိုးသမီးများ၏ခံနိုင်ရည်စွမ်းအားအရေးပါမှု” စာတမ်းဖြင့် လည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍ” စာတမ်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က “သက်ကြီးရွယ်ရင့် အမျိုးသမီးများနှင့် စိတ်ခံစားမှုအပြောင်းအလဲများ” စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားခဲ့ကြပြီး စာတမ်းဖတ်ကြားမှုအပြီးတွင် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် ကောင်စီနယ်မြေအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ Gender Focal Point များ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သဘာပတိနှင့် စာတမ်းပြုစုဖတ်ကြားသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


