နေပြည်တော်၊ ဧပြီ ၈
(၂၀၂၄) ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုသင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး World Health Organization စတင်တည်ထောင်ခဲ့သည့်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့အဖြစ် ၁၉၅၀ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများက အဆိုပါနေ့ရက်ကျရောက်တိုင်း ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနားများ နှင့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေများနှင့်ပြဿနာများကို စုပေါင်းဖြေရှင်း ရန်အတွက် အဖွဲ့ဝင်နိုင်ငံတိုင်းက ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို အစီအစဉ်ချမှတ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်  နှိုးဆော်တိုက်တွန်းလေ့ရှိကြောင်း၊ ယနေ့အချိန်အခါတွင် ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ကျန်းမာရေးကို ထိခိုက်စေမှုများသည် ပိုမိုများပြားလာနေကြောင်း၊ လူသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှုကို ရယူပိုင်ခွင့်၊ ပညာသင်ကြားပိုင်ခွင့်၊ သတင်းအချက်အလက်ရ ယူပိုင်ခွင့်တို့ကို ရရှိနိုင်ရေးအတွက် ယခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်အဖြစ် “My Health, My Right” ကို သတ်မှတ်ပေးခဲ့ပြီး မြန်မာဘာသာ ဖြင့် “လူတိုင်းလူတိုင်း ကျန်းမာဖို့၊ ကိုယ်စီပါဝင် ဆောင်ရွက်စို့” ဟု ဆီလျော်အောင် ဘာသာပြန်ဆိုထားပါကြောင်း။
ယခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့ဆောင်ပုဒ်တွင် အလေးထားတင်ပြထားသည့်အချက်မှာ လူတိုင်း ရောဂါဘယ ကင်းရှင်းပြီး ကျန်းမာစွာဖြင့် လူ့သက်တမ်းစေ့ နေနိုင်ရေးအတွက် အခြေခံကျပြီး အရည်အသွေးပြည့်ဝသော ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများကို အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး လူတိုင်းလက်လှမ်းမီ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက် ပေးစေလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး” ဆိုသော ဦးတည်ချက်ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာနအဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူပြီး စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အစီအစဉ်အရ (၂၀၂၄)ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ဗီဒီယိုကိုပြသပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံး တိုင်းဒေသကြီး/ ပြည်နယ်ဆု များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။ 

 

mdn


ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကျန်းမာရေးဝန်ကြီးဌာန လှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၂၀၂၄) ခုနှစ် ကမ္ဘာ့ကျန်းမာရေး နေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲ ၁ နာရီတွင် “မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) အသိပေးမိတ်ဆက်ခြင်း” အခမ်းအနားကို အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကျော်ကံကောင်းက မဟာဗျူဟာစီမံကိန်း ပြုစုရေးဆွဲရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (မကူးစက်) ဒေါက်တာသီတာဝင်းက မဟာဗျူဟာ စီမံကိန်း အကျဉ်းချုပ်ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
အသိပေးမိတ်ဆက်ခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ စီမံချက်မန်နေဂျာများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်