ဆိုချီ၊ မတ် ၇

၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော် (World Youth Festival 2024 )ကို ရုရှားနိုင်ငံ ဆိုချီမြို့တွင် မတ် ၁ ရက်မှ ၆ ရက်အထိ  ကျင်းပရာ မြန်မာနိုင်ငံ ကိုယ်စားပြု ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်‌ရေး ဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ လူငယ် ၁၀ ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပွဲတော်ကို “အနာ ဂတ်ကို အတူတကွစတင်ကြပါစို့ ( Let’s start the Future Together) ဆောင် ပုဒ်နှင့်အညီ ကမ္ဘာကြီး၏ အနာဂတ်အတွက် လူငယ်များ အတူတကွ ပေါင်းစည်း ညီညွတ်၍ ငြိမ်းချမ်းချစ် ကြည်မှု ဖော်ဆောင်ပေးနိုင်ရန်နှင့် ကမ္ဘာ့လူငယ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်နှစ်သောင်းခန့် ပါဝင်တက်ရောက်ခဲ့သည့် အကြီးဆုံး လူငယ်ပွဲတော် ဖြစ်ကြောင်း၊  ရုရှားနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ ကျောင်းသား ကျောင်းသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မီဒီယာသမားများ၊ ယဉ်ကျေးမှုနှင့် အားကစားသမားများ၊ စေတနာ့ဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  သမ္မတ  မစ္စတာ ဗလာဒီမာပူတင်က  ကမ္ဘာ့နိုင်ငံအသီးသီးမှ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ် ၁၀၀ ကျော်နှင့် မတ် ၆ ရက် ဒေသစံတော်ချိန်  ည ၈ နာရီ တွင် တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်‌ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ မပုလဲဖြူ၊  ပြန်ကြားရေး ဝန်ကြီးဌာန  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ မောင်သက်ပိုင်စိုးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မမြတ်သန္တာအောင် တို့ သုံးဦးအား ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ပြီး တက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံအသီးသီးမှ လူငယ်များက ရိုးရာဝတ်စုံများ ဝတ်ဆင်၍ တက်ရောက်ကြရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကလည်း မြန်မာ့ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ပါဝင်တက် ရောက်ခဲ့သည်။

တွေ့ဆုံပွဲ၌ ရုရှားသမ္မတက လူငယ်များ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် တိုက်တွန်းအားပေးစကားများ ပြောကြားခဲ့ပြီး  လူငယ်ကိုယ်စားလှယ်များက ကမ္ဘာကြီး နှင့် အနာဂတ်လူငယ်များအကြောင်း၊  ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးနှင့် လက်မှုနည်းပညာများ အကြောင်းတို့ကို လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး မေးမြန်းကြရာ ရုရှားသမ္မတ နှင့်အဖွဲ့က ပြန်လည် ဖြေကြားသကဲ့သို့  တက်ရောက်လာသည့် လူငယ်များ ကလည်း ၂၀၂၄ ခုနှစ် ကမ္ဘာ လုံးဆိုင်ရာ လူငယ်ပွဲတော်ကို  နိုင်ငံတကာအဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ  လက်ခံကျင်းပပေးခြင်း အပေါ် ရုရှားသမ္မတနှင့်တကွ ရုရှားပြည်သူများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။

ယင်းပွဲတော် ကာလ အတွင်း တက်ရောက်လာ ကြသည့် လူငယ်များသည် ရုရှားနိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လေ့လာလည်ပတ်ခဲ့ကြကြောင်း သိရသည်။ 

MRTV