နေပြည်တော် နိုဝင်ဘာ ၁
“၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား”ကို အောက်တိုဘာ ၃၁ ရက်က မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း နေပြည်တော်၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ မြင့်မြင့်သန်းက ယခုနှစ်၏ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ဆောင်ပုဒ်သည် “Children, Love Your Eyes” “ကလေးများရဲ့ အနာဂတ်အတွက်၊ မျက်စိကျန်းမာရေး အလေးပေးဆောင်ရွက်” ဖြစ်ပါကြောင်း၊ ငယ်ရွယ်စဉ်တွင် အမြင်အာရုံချို့ယွင်းချက်ရှိခဲ့ပါက ပညာသင်ကြားရေးနှင့် လူမှုဘဝများတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ပြီး၊ အသက်အရွယ်ကြီးရင့်ချိန်တွင်လည်း အမြင်အာရုံဆုံးရှုံးပြီး မျက်စိကွယ်သည်အထိ ဖြစ်တတ်ကြောင်း၊ ထို့ကြောင့် အမြင်မှုန်ဝါးပြီး မျက်မှန်လိုအပ်သော ကလေးငယ်များကို မျက်မှန်တပ်စေရန် မိဘများနှင့်အုပ်ထိန်းသူများက အားပေးကြရမည်ဖြစ်ပြီး၊ မျက်မှန်တပ်ဆင်သောကလေးများကိုလည်း လူမှုရေးအခက်တွေ့စေမည့် စကားလုံးများဖြင့် နောက်ပြောင်ခြင်းများ မပြုလုပ်ကြရန်လိုအပ်ပါကြောင်း၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အားလုံးပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


