နေပြည်တော်၊ စက်တင်ဘာ ၃၀

(၂၀၂၄) ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၊ Meeting Hall ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းတွင် နှလုံးနှင့် နှလုံးသွေးကြော ရောဂါများကြောင့် နှစ်စဉ်လူဦးရေ (၂၀ ဒသမ ၅) သန်းကျော် သေဆုံးနေရပြီး သေဆုံးမှု၏ (၈၅) ရာခိုင်နှုန်းသည် ရုတ်တရက်နှလုံးရပ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းဖြစ်သည်ကို ကမ္ဘာ့နှလုံးကျန်းမာရေး ဖက်ဒရေးရှင်း၏ အချက်အလက်များအရ သိရှိရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွင်း နှလုံးနှင့်နှလုံးသွေးကြောရောဂါများအပါအဝင် အခြားမကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုကို လျော့ချနိုင်ရေးအတွက် မကူးစက်နိုင်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ကို ရေးဆွဲပြီး ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

နှစ်စဉ်စက်တင်ဘာ (၂၉) ရက်တွင် ကျရောက်သည့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင် ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်များတွင် အထိမ်းအမှတ်အခမ်းအနားများ၊ လှုပ်ရှားမှုများကို ကျင်းပပြီး ပြည်သူလူထုအတွင်း နှလုံးကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ မြင့်မား စေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ “Use Heart for Action” ဖြစ်ပြီး “နှလုံးအစဉ် ကျန်းမာဖို့ သိဉာဏ်ဆင်ခြင် ဆောင်ရွက်စို့” ဟု မြန်မာဘာသာပြန်ဆိုထားပြီး ပြည်သူလူထုအတွင်း မိမိတို့ နှလုံးကျန်းမာရေးအတွက် အသိဉာဏ်ဖြင့်¬¬¬¬¬¬¬ဆင်ခြင်ပြီး ရောဂါမဖြစ်အောင် အစဉ်သတိဖြင့် စောင့်ရှောက်နေထိုင်သွားရန်နှင့် မူဝါဒရေးဆွဲချမှတ်သူများ အနေဖြင့်လည်း နှလုံးသွေးကြော ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ဦးစားပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုခြင်းဖြစ်ကြောင်း၊

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသမှ ပြည်သူများ လက်လှမ်းမီစေရေးအတွက် ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါဆေး ကုသမှုဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ်၍ စစ်ဆေးကုသ ပေးလျက်ရှိကြောင်း၊ ကုသမှုအတွက် လိုအပ်သော မကူးစက်နိုင်သော ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းသုံး အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်ခြင်း မရှိအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ပုံငွေကျပ်‌ငွေသန်းပေါင်းများစွာ အကုန်အကျခံ ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဌာနများမှ နှလုံးနှင့်နှလုံးသွေးကြောရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်‌ရှောက်မှုများ ပေးလျက်ရှိသကဲ့သို့ ပြည်သူတစ်ဦး တစ်ယောက်ချင်းအနေဖြင့် မိမိ၏နှလုံးကျန်းမာရေးအတွက် မိမိကစပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှုပုံစံကို အသိဉာဏ်ဖြင့် ဆင်ခြင်နေထိုင်သွားကြရန် အလေးထား တိုက်တွန်း  ပြောကြားသည်။

ထို့နောက် (၂၀၂၄) ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် ဗွီဒီယိုပြသပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်  နှလုံးသွေးကြောရောဂါ ကာကွယ်ထိန်းသိမ်းရေး စီမံချက်နှင့် ဆီးချိုသွေးချို ထိန်းသိမ်းရေးစီမံချက်တို့မှ စီမံချက်မန်နေဂျာများက နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကာကွယ်ကုသမှုဆိုင်ရာ ဆရာဝန်များအတွက် လက်စွဲစာအုပ်ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

မွန်းလွဲပိုင်းတွင် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အစီအစဉ်တစ်ရပ်အဖြစ် နှလုံးနှင့် နှလုံးသွေးကြောရောဂါကာကွယ်ကုသမှုဆိုင်ရာ ဗဟိုအဆင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်