နေပြည်တော်၊ စက်တင်ဘာ ၂၃

 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းသုံးသပ် တင်ပြခြင်းကို ယနေ့မွန်းလွဲ(၁) နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် နိုင်ငံတော်အစိုးရက ခွင့်ပြုထားမှု၊ ယခင်ပြဋ္ဌာန်းထားသည့် ၂၀၁၃ ခုနှစ်၊ သန်းခေါင်စာရင်းဥပဒေအခြေအနေနှင့် ဆက်လက်အသုံးပြု ဆောင်ရွက်နိုင်မည့်နည်းလမ်း၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း (၁၀)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူရန်လိုအပ်မှု၊ သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်လိုအပ်သည်များ ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း လုပ်နိုင်သမျှ လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံးဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လုပ်ငန်းအချိန်ဇယားနှင့်အညီ သတ်မှတ်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဆင့်အလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ သုံးသပ် ဆွေးနွေးကာ လုပ်ငန်းလျာထားချက်များ၊ လိုအပ်သည့် လူအင်အား၊ နည်းပညာနှင့် စက်ကိရိယာအင်အား များကို အသေးစိတ်တွက်ချက်၍ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာနရှိ လူဦးရေသတင်း အချက်အလက်နှင့် ဖွံ့ဖြိုးရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ မှတ်တမ်းခန်း၌ ထုတ်ပြန်ပြီးဖြစ်သော သန်းခေါင် စာရင်းမှတ်တမ်းစာအုပ်များ ထိန်းသိမ်းထားရှိမှု၊ GIS စနစ်ဖြင့် ကောက်ကွက်မြေပုံရေးဆွဲ ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ သန်းခေါင်စာရင်းစာကြည့်တိုက်၌ စာအုပ်စာစောင်များစုဆောင်းထားရှိမှုနှင့် ရုံးခန်းများအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ်  လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း (၃၀)ကျော်ကြာ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များအဖြစ် အသုံးပြုဆောင်ရွက်လျက်ရှိသည်။

 

သန်းခေါင်စာရင်းကို (၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူရန် လျာထားရာ ၂၀၂၄ ခုနှစ်တွင်စေ့ရောက်သည့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယခင်အတွေ့အကြုံများအပေါ်အခြေခံ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှစတင်ကာ လုပ်ငန်းအဆင့်(၄)ဆင့် ဖြင့်ကောက်ယူမည်ဖြစ်သည်။ လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်နိုင်သမျှအကောင် အထည်ဖော် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်း ကောက်အင်အား (၄၂၀၀၀) ခန့်သည် ကောက်ကွက်ပေါင်း (၁၁၀၀၀၀)ကို CAPI စနစ် Mobile Phone/ Tablet အသုံးပြုကောက်ယူနိုင်ရေး အသေးစိတ်စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)