နေပြည်တော် မတ် ၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

 

နေပြည်တော် သန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းရာတွင် ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံ စာပြုစုထုတ်ပြန်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို တိုင်းရင်းသား ပြည်သူတစ်ရပ် လုံးပါဝင်နိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု နယ်မြေ ဦးစီးမှူး ဦးအောင်ခိုင်ဆွေက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)