နေပြည်တော် နိုဝင်ဘာ ၂၃
၂၀၂၄ ခုနုစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၈၅၁) မှ (၁၇၀၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၆၁၅) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများ ဖွင့်ဖောက်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ 
ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများစာရင်းကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း (၂၀၈) တွဲ၊ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင် အုပ်စု (အေ၊ ဘီ နှင့် စီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၈၅၀) အနက် ကျောက်စိမ်းအတွဲ (၆၁၃) တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၈၅၀) အနက် ကျောက်စိမ်းအတွဲ (၆၁၅) တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲပေါင်း ( ၃၁၀၀ ) ကို နိုဝင်ဘာ ၂၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်