နေပြည်တော်၊ ဩဂုတ် ၁၈
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်းချစ်ကြည် ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ အကြိုဗိုလုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ် အားကစားရုံ၌ ကျင်းပသည်။
ယနေ့ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသမီး) အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၁၂) ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၁၁) ဂိုး (၃) ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၄) ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အကြိတ် အနယ် ယှဉ်ပြိုင်ကစားကြသည်။
ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ (အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန် တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်၍ ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရသည်။
သတင်းစဉ်