နေပြည်တော်၊ ဒီဇင်ဘာ ၂

 

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ယှဉ်ပြိုင်ကစားကြသည်။

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကယားပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က တစ်ဖက် ၅ ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့က တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလဒ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကယားပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို ၄ ဂိုး ၂ ဂိုး ဖြင့်လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၃)/(၄) တို့တွင် ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

ထို့ပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းတို့တွင် ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကယားပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

အလားတူ ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲများကို ပေါင်းလောင်း အားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ပြန်ကြားရေး ဝန်ကြီးဌာနအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ဌာနဆိုင်ရာများ၊ အားကစာ နည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစား လှုပ်ရှားမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ် ကျင်းပခြင်းသည်။

 

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစား နည်း (၆)နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃)နည်း၊ မသန်စွမ်းအားကစားနည်း (၄)နည်းတို့ ထည့်သွင်းကျင်းပလျက်ရှိရာ အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်